ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၆
ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာ ဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက် ကြသည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံအတွက် အရေးကြီးသည့်အချိန်တွင် တာဝန်ရှိသူများ ယခုလိုတွေ့ဆုံခြင်းသည် နိုင်ငံအတွက် အကျိုးရှိကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအနေဖြင့် “ARSA အစွန်း ရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုသတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများမဖြစ်ပေါ်ရေး ဆိုင်ရာ သတင်းထုတ်ပြန်ချက်” ခေါင်းစဉ်ဖြင့် မလိုလားအပ်သည့် ပဋိပက္ခများမဖြစ်ပေါ်စေရန် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့သတင်းထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိရှိပြီး မလိုလား အပ်သည် များဖြစ်လာမည်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမဖြစ်စေရန် နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေးအခြေအနေများကို အားလုံးဝိုင်းဝန်းပြီး ညှိနှိုင်းဆောင် ရွက်နေကြသည်ကို ပြည်သူများကို အသိပေးရန် လိုအပ်ကြောင်း၊ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီးယုံကြည်မှု အစွန်းရောက်သူ များက ဆူပူမှုဖြစ်အောင်လုပ်မည်ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ယခင်ကလည်း ထိုသို့ဆူပူမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြသည်များကို တွေ့နိုင်ကြောင်း၊ ဤသို့အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့ အစည်းများ အနေဖြင့်ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရန် လိုအပ် သည်ကို အလေး အနက် ထားပြောလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များအပေါ်လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေး ချမ်းရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားများနှင့် ဒေသတွင်းနေထိုင်သူများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပံ့ပိုးဆောင်ရွက် နေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုးပျက်စီးနေသည့်နေရာတွင် အမြန်ဆုံး ပြုပြင် ခြင်းဆောင်ရွက်လျက်ရှိရာ ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကိုချက်ချင်းဆောင်ရွက်ရန်၊ ခြံစည်း ရိုးကာခြင်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ နယ်စပ် ခြံစည်း ရိုးလုံခြုံမှုအားနည်းသည့် နေရာ များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာ တိုးမြှင့်ချထားရမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင် သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဘာသာ၊ လူမျိုးမခွဲခြားဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိပြီး ဆက်လက်၍ လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်း စဉ်များကို ဝိုင်းဝန်းဆွေးနွေးကြ သည်။
ယင်းနောက် နိုင်ငံတော်သမ္မတကနိဂုံးချုပ် အမှာစကားပြောကြားရာတွင် အကြမ်းဖက်မှုများမဖြစ်ပွား စေရေးအတွက် ကြိုတင်ကာကွယ်ရန် လိုအပ်သလို တစ်ဖက်တွင်လည်း ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှု များကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားရန် မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး အခမ်းအနားကို ညနေ ၅ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။

Sign Up

Upcoming Events