ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့မှ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်မှုသတင်း

7 Pic 02

သတင်းထုတ်ပြန်ချက်

၁။         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က ပြည်တွင်း၊ ပြည်ပ သတင်းဌာန များအား ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ (၁၃:၃၀) နာရီတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာအချို့တွင် သတင်းမှားများ ရေးသားဖော်ပြခြင်း၊ လူမှု ကွန်ယက်စာမျက်နှာများ၌ မဟုတ်မမှန် ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းများအား ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်း တို့ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်စေပြီး၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဆောင်ရွက်ချက်များကိုလည်း ထိခိုက်စေကြောင်း၊ ထိုသို့ သတင်းမှားများ ပြန့်နှံ့နေခြင်းသည် အကြမ်းဖက်သမားများ အပေါ် ထောက်ခံပေးသကဲ့သို့ ဖြစ်နေကြောင်း၊ သို့ဖြစ်၍ မီဒီယာများအနေဖြင့် ခိုင်လုံသည့်အချက်အလက်များအပေါ် အခြေခံသည့် ပကတိအခြေအနေမှန်များကို ဖော်ပြရေးသားခြင်းဖြင့် ရခိုင်ပြည်နယ် ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

၃။         ၎င်းက ယခုဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှာ ယခင်ဖြစ်စဉ်များနှင့်မတူ ထူးခြားကြောင်း၊ ယခင်က လူ့အသိုက်အဝန်းနှစ်ရပ်အကြားရှိ ပဋိပက္ခမျိုးသာ ဖြစ်သော်လည်း ယခုဖြစ်စဉ်မှာနယ်မြေ သိမ်းပိုက်ခွဲ ထွက်ရန် ရည်ရွယ်၍ နည်းဗျူဟာများချမှတ်ကာ အကြမ်းဖက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ARSA အကြမ်းဖက် အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများ၊ အစိုးရနှင့်ပူးပေါင်းသူများနှင့် ၎င်းတို့သြဇာခံမဟုတ်သူများ၊ အခြားဘာသာဝင်များနှင့် တိုင်းရင်းသားများအား သတ်ဖြတ်ခြင်းဖြင့် ယင်းနယ်မြေမှ တိုင်းရင်းသားများ စွန့်ခွာ သွားစေရန် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ကာကွယ်တုံ့ပြန် သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

၄။         ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် အကြံပြုချက်များကို ပကတိမြေပြင် အခြေအနေပေါ်မူတည်၍ အပြည့်စုံဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ကနဦးအဆင့်အနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့်ဦးဆောင်သည့် ကော်မတီ သစ်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကော်မတီကို အထောက်အကူပြုရန် ပြည်တွင်းပြည်ပမှ ထင်ပေါ် ကျော်ကြားသည့် ကျွမ်းကျင်သူများပါဝင်သည့် အကြံပေးဘုတ်အဖွဲ့တစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

၅။        ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းပြောကြားရာတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးသည်နှင့်တစ်ပြိုင်နက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ် အစိုးရနှင့်အတူပူးပေါင်း၍ ထိခိုက် ခံခဲ့ရသော ကျေးရွာများနှင့်နေရပ်စွန့်ခွာခဲ့ရသူများထံသို့ Air Myanmar Aviation Services ကုမ္ပဏီမှ ပံ့ပိုးပေးထား သည့် ရဟတ်ယာဉ်ဖြင့်သွားရောက်ခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်း၊ အားပေး နှစ်သိမ့်ခြင်း၊ ကျန်းမာရေး၊ လုံခြုံရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကွဲကွာနေသောမိသားစုဝင်များ ပြန်လည် ပေါင်းစည်းနိုင်ရေးအတွက် ဆက်သွယ်ဖြေရှင်းဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

၆။        ယခုအခါ အစိုးရအနေဖြင့် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့်နေရပ်စွန့်ခွာ၍ တိမ်းရှောင်နေကြရသည့်ဒေသတွင်း နေထိုင်သူများအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရန် အလှူရှင် နိုင်ငံများမှ လှူဒါန်းမှုများကိုပြည်ထောင်စု အစိုးရမှလက်ခံ၍ ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ကြီးကြပ်မှု၊ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ပါသည်။

၇။        ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့က သတင်းမီဒီယာများမှ မေးမြန်းသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲသည် (၁၅:၀၀) နာရီတွင် ပြီးဆုံးခဲ့ပါ သည်။

၈။        သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းဌာန (၅၇) ဌာနမှ သတင်းထောက်(၇၁) ဦး တက်ရောက် ကြပါသည်။

Sign Up

Upcoming Events