လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ လာရောက်တွေ့ဆုံမှုသတင်း

၅-၉-၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့သည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ မိုင်းအန္တရာယ်အသိပညာ ပေးရေး၊ လူကုန်ကူးခံရသူများအား မိဘရပ်ထံပြန်လည်ဝင်ဆံ့ရေးတို့ကို ကာလများစွာကပင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော မိတ်ဘက် အဖွဲ့အစည်းများဖြစ်ပါသည်။
အဆိုပါ UNICEF အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.BertrandBainvel သည် မြန်မာနိုင်ငံတွင် ၎င်း၏တာဝန်ပြီး ဆုံး၍ (၄-၉-၂၀၁၇) ရက်နေ့ ညနေ (၃း၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လာရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် UNICEF နှင့်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုများအနက် အစိုးရသစ် လက်ထက်တွင် ဖြစ်ရပ်ပါစီမံခန့်ခွဲမှု စနစ် (Case Management System) အစပျိုးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးသူငယ်များ၏ အခြေအနေဆန်းစစ်လေ့လာမှု အစီရင် ခံစာထုတ်ပြန်နိုင်မှု၊ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတိုင်းတာစစ်ဆေးပံ့ပိုးမှုလုပ်ငန်းစနစ် (Early Childhood Intervention) ပေါ်ပေါက်လာစေရန်ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးစီမံချက်ကြီး(၈)ရပ်အနက်မှ ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှမွေးဖွားသော ကလေးအသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ရေးစီမံချက်ကို စတင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ လက်နက် ကိုင်ပဋိပက္ခနှင့်ဆက်စပ်နေသော ကလေးသူငယ်များဆိုင်ရာပဲရစ်ကတိဝတ်နှင့်ပဲရစ်ကျင့်ဝတ်များအား၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြင်သစ် နိုင်ငံ၊ ပဲရစ်မြို့၌ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်မှု အဖွဲ့အစည်းနှစ်ဖွဲ့အကြားယုံကြည်မှုတည်ဆောက်၍ ပြည်သူအတွက် အကျိုးရှိမည့် လုပ်ငန်းစဉ်များကို ခိုင်မာသောပူးပေါင်းဆောင်မှုဖြင့် ဆောင်ရွက်ခဲ့မှု အခြေအနေများဆွေးနွေးပြီး ၎င်းနေရာတွင် ဆက်ခံရောက်ရှိမည့် ဌာနေ ကိုယ်စားလှယ်အသစ်နှင့် အရှိန်အဟုန်မပျက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသား၏ အရေးပေါ်လိုအပ်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (New Blood of Commerce-2015) ညီအစ်ကိုမောင်နှမများက အလှူငွေကျပ် (၃) သိန်းကို (၅-၉-၂၀၁၇) ရက် နံနက်ပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events