လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် (၂၀၁၇) ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် မကွေးဆေးတက္ကသိုလ် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် မကွေးဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါဝင်သော ကမ်းဆင့်လက်များ ပရဟိတအဖွဲ့၏ ကျေးလက်ကျန်းမာရေးအသိပညာပေးနှင့် ပရဟိတလှုပ်ရှားမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့လူငယ်များကို အနာဂါတ်နိုင်ငံအတွက် လက်ဆင့်ကမ်း အမွေပေးရန်ဖြစ်သဖြင့် ယခုအချိန်ကတည်းက ပြည်သူများ၏လိုအပ်ချက်နှင့် အခက်အခဲများကို သိရှိရန်လိုအပ်ပါကြောင်း၊ မကြာမီ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်းတာဝန်ယူ ကြရမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် အရည်အချင်းပြည့်ဝအောင်၊ ပြည်သူ၏ယုံကြည်မှုကိုရရှိအောင်၊ ပြည်သူများ၏လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မဆိုင်းမတွ တုံ့ပြန် ဆောင်ရွက်ပေးတတ်သည့် ဝန်ထမ်းအမူအကျင့်ကောင်းများကို ယခုအချိန်ကတည်းက လေ့ကျင့်ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ကျင်းပသော အခမ်းအနားနှင့် ဆက်စပ်လျက် မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မကြာသေးမီက ဖွင့်လှစ်ခဲ့သော သင်တန်းဆင်း မကွေးတိုင်းကိုယ်စားပြု ဒေသခံလူငယ်များနှင့်လည်း မိတ်ဆက်ပေးလိုပါကြောင်း၊ ရှေ့ဆက် လက်တွဲကူညီပြီး ပညာပေးလုပ်ငန်းများကို အတူတကွဆောင်ရွက်ကြစေလိုပါကြောင်းနှင့် ကမ်းဆင့်လက်များအဖွဲ့လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ ပိုမိုအောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီရန်ဖြစ်ကြောင်း မှာကြားပါသည်။
အခမ်းအနားသို့ မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ပါမောက္ခဒေါက်တာ သန်းမြင့်၊ မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ စွန့်ပစ်ကလေးငယ်များ ကာကွယ်တားဆီးရေးအဖွဲ့ အဖွဲ့ဝင် သားဖွားမီးယပ်ဆရာဝန် ပါမောက္ခဒေါက်တာ မြသီတာ တို့နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြပြီး မကွေးဆေးတက္ကသိုလ်တွင် (၁၅-၉-၂၀၁၃) က စတင်တည်ထောင်ခဲ့သော ကမ်းဆင့်လက်များအဖွဲ့အတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။