(၂၈-၈-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၃:၀၀) နာရီထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ ရေဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် “Recovery Coordination Centre for Operational & Information Management Support to Recovery Programming” အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ UN, INGOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းရေးစင်တာ (Recovery Coordination Centre-RCC) ရုံးခွဲများ ဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သော စာရင်းကောက်ယူခြင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ သတင်းအချက်အလက်များစီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း စသည့်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူအသီးသီးမှ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။