၁-၉-၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနကတာဝန်ယူဖွဲ့စည်းဆောင်ရွက်နေသောမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအနေဖြင့်အမျိုးသမီးအရေးကိစ္စများနှင့်သက်ဆိုင်သောအမျိုးသမီးအဖွဲ့အစည်းအသီးသီးပါဝင်မှု၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သောပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင်အခြားဆက်စပ်ဝန်ကြီးဌာနများ၊ပညာရှင်အမျိုးသမီးကြီးများပါဝင်ဆောင်ရွက်သည့် “မွေးကင်းစကလေးစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးနည်းပြသင်တန်း”ကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၈)ရက်မှ (၃၁)ရက်နေ့အထိနေပြည်တော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဆောက်အဦခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ကကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားခဲ့ရာပြည်ထောင်စုဝန်ကြီးက “မွေးကင်းစကလေးငယ်များစွန့်ပစ်မှုများကိုပိုမိုမြင်တွေ့ကြားသိလာရပါကြောင်း၊မွေးကင်းစကလေးစွန့်ပစ်ရခြင်း၏ အကြောင်းရင်းများကိုလေ့လာကြည့်ပါကဆင်းရဲမွဲတေမှုကြောင့် ကလေးများကို ပြုစုပျိုးထောင်ရန် မတတ်နိုင်ခြင်း၊ ဆယ်ကျော်သက်အရွယ် မလိုလားသောအချိန်တွင် ကိုယ်ဝန်ဆောင်မွေးဖွားရခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ရမည့် အခက်အခဲများ၊ စိတ်ဖိစီးမှုများ ကြုံတွေ့ရခြင်း၊ မည်သည့်အရွယ်တွင်မဆို ကြိုတင်ပြင်ဆင်မှုမရှိဘဲကိုယ်ဝန်ရခြင်းကြောင့် ဆက်လက်ပြုစုမွေးမြူရန်အခက်အခဲရှိခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် မွေးရခြင်းနှင့် ကလေးငယ်စဉ်မွေးရာပါ ချို့ယွင်းချက်ရှိခြင်းစသည်တို့သည် မွေးကင်းစကလေးစွန့်ပစ်ခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ ယခုသင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ဆင့်ပွားသင်တန်းများပြန်လည်ပို့ချခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ သို့မှသာမွေးကင်းစကလေးစွန့်ပစ်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ စွန့်ပစ်ခံခဲ့ရပါကလည်းပုဂ္ဂလိက၊ ပရဟိတနှင့် အစိုးရဂေဟာများ၌ စနစ်တကျစောင့်ရှောက်မှုပေးနိုင်ခြင်းများရရှိမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကလေးငယ်များ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည့်အခွင့်အရေးများကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း”ဖြင့်ပြောကြားခဲ့ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးနှင့် တက္ကသိုလ်များကသင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့အားသင်တန်းဆင်းလက်မှတ်များနှင့်သင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့ပြီးတေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြောင်းသတင်းရရှိပါသည်။