ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မောင်တောဒေသပြည်သူများအား အားပေးနှစ်သိမ့်မှုနှင့်အတူ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့်အသုံး အဆောင် ပစ္စည်းများ ကူညီထောက်ပံ့မှုသတင်း

စစ်တွေ သြဂုတ် ၂၉
ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၂၅ ရက်ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများနှင့်ဘေးလွှတ်ရာနေရာများသို့ခေတ္တခိုလုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ပါမောက္ခဒေါက်တာမြင့်ဟန်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မောင်တောဒေသအ တွင်း ခေတ္တခိုလုံရာနေရာများရှိ ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးနှစ်သိမ့်စကားပြောကြားကာ လို အပ်သောစားသောက် ဖွယ်ရာများ၊ဆေးဝါးများနှင့် အသုံးအဆောင်များကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောင်းဆိပ်ကျေးရွာသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုင်းရင်းသားပြည်သူ များနှင့်တွေ့ဆုံရာတွင် “ ယခုပြည် သူများအနေဖြင့် စားနပ်ရိက္ခာအတွက် မပူပင်ကြစေလိုကြောင်း၊ တိုင်းရင်းသားတွေရဲ့ ခံစားမှုကိုရင်ထဲကနား လည်းစာနာမိကြောင်း၊ အခုအဓိကလာရတဲ့ရည်ရွယ်ချက်ကတော့ ပြည်သူများ ဘေးကင်း လုံခြုံရန်နှင့် ပိုပြီးဘေးကင်းလုံခြုံသောနည်းလမ်းများကို ညှိနှိုင်းဆွေးနွေးပေးရန်ဖြစ်ကြောင်း၊ လတ်တ လော စားဝတ်နေရေး အခြေအနေ ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် ရိက္ခာများကိုလည်း နှစ်လစာ ကြိုတင်စီစဉ်ထားမှုရှိ၍ ပြည်သူ များ အနေဖြင့် ပူပန်စရာမလိုကြောင်း၊ သို့သော်လည်း လတ်တလောအခြေအနေအရ လိုအပ်သော ရိက္ခာများ စီစဉ်ပေးလျက်ရှိကြောင်း၊ စားနပ်ရိက္ခာအတွက် နိုင်ငံတော်အနေဖြင့် ဆက်တိုက်ဖြည့်ဆည်းပေးသွား မည်ဖြစ် ကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်၍ နယ်မြေရဲနှင့် နယ်ခြားစောင့်ရဲများနှင့်အတူ တပ်မတော်အနေဖြင့် လုံခြုံရေးအင်အားများကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ရေရှည်တွင် ယခုကဲ့သို့ အန္တယ်ပြုမှုမျိုးမဖြစ်အောင် ဆောင်ရွက် နေပါကြောင်း၊ လတ်တလော ပြည်သူများလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ပြည်နယ်တွင်းတာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေး၊ ပညာရေးစသည့်ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း အင်အားဖြည့်တင်းမှုနှင့်အတူ အလှည့်ကျပြောင်းလဲ တာဝန်ထမ်းဆောင်စေရန် ဌာနဆိုင်ရာများအလိုက် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗန္ဓုလကျေးရွာ၊ တောင်ပြိုဝဲ၊ မောရဝတီ နှင့် ဘူးသီး တောင်မြို့တွင်းရှိ မြို့ဦးကျောင်း၊ လမ်းမကျောင်း နှင့် ရွှေကျင်ကျောင်းများရှိ ခေတ္တခိုလုံလျက်ရှိသော ပြည်သူ များအားလိုအပ်သော ပစ္စည်းများကို ကူညီထောက်ပံ့ပေးမှုများနှင့်အတူ သွားရောက်တွေ့ဆုံ အားပေးနှစ်သိမ့်စကားပြောကြားရာတွင် တိုင်းရင်းသား ပြည်သူများက လုံခြုံရေးပိုမိုတိုးမြှင့်ပေးရန်၊ အေးချမ်း တည်ငြိမ်စွာနေထိုင်စားသောက်မှုရရှိရန်နှင့် မိမိနေရပ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်လိုကြောင်းစ သည်ဖြင့် တင်ပြတောင်းဆိုကြသည်။
အဆိုပါ ခရီးစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ပါမောက္ခမြင့်ဟန်က ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ပြီး လိုအပ်သည်များကိုဖြည့်ဆည်း နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ စုရပ်စခန်းများတွင် ဆေးပေးခန်းများဖွင့်လှစ် ထားရှိရန်နှင့် လိုအပ်သော ဆေးဝါးများ ဖြည့်ဆည်းပံ့ပို့ပေးခဲ့ပြီး ဆေးရုံများအတွက် လိုအပ်မည့်ဆေးဝါးများ ထပ်မံဖြည့်တင်းနိုင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးကိုလည်း ဆက်လျက်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံ သောနေရာများတွင် ခေတ္တရောက်ရှိနေသော ပြည်သူ ၂၃၀၀ကျော်အား ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ အဝတ်အထည်၊ ခြင်ထောင်နှင့် ဆေးဝါးများကို လတ်တလောအနေဖြင့် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ထောက်ပံ့မှုများကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Sign Up

Upcoming Events