ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ဒေသခံတိုင်းရင်းသားများ၏အရေးပေါ်လိုအပ်ချက်များ ဖြည့်ဆည်းခြင်းနှင့် နှစ်သိမ့်အားပေးခြင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိ

၂၈-၈-၂၀၁၇ စစ်တွေမြို့
ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်သော အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် တောင်ဘဇာ ကျေးရွာရှိ နယ်မြေခံတပ်ရင်းသို့ ရောက်ရှိကြပြီး ခေတ္တ ခိုလှုံလျက်ရှိသော ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်သူများ လတ်တလောစားဝတ်နေရေးအတွက် ရိက္ခာများကို အမြန်ဆုံး ပေးပို့လျက်ရှိပါကြောင်း၊ ၎င်းစုရပ်ရှိ ဝန်ထမ်း(၂၅)ဦး စစ်တွေမြို့တွင် ခေတ္တ ပြန်လည်နေထိုင်နိုင်ရေးနှင့် စုရပ်တွင် ကျန်ခဲ့သော ပြည်သူများ၏ လုံခြုံရေးအခြေအနေများကိုလည်း တာဝန်ရှိ လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောစားသုံးရန်အတွက် ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်၊ ငါးခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းကျေးရွာသို့ ရောက်ရှိကြပြီး နယ်မြေစခန်းတွင် ခေတ္တနေထိုင်လျက်ရှိသော ပြည်သူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကြရာ ဝန်ထမ်းများမှ စစ်တွေနှင့်ဇာတိဒေသများသို့ ပြန်လိုကြကြောင်း၊ မိသားစုနှင့်အဆက်အသွယ် လိုအပ်နေသော အိမ်ထောင်စုများအား ဆက်သွယ်ပေးရန် တင်ပြချက်များအပေါ် ညှိနှိုင်း ကူညီ ‌ြဖေရှင်းပေးခဲ့ပါသည်။ ထို့နောက် ကျေးရွာများ ညပိုင်းမီးထွန်းရန်အတွက် လိုအပ်သော စက်သုံးဆီနှင့် လတ်တလောစားသုံးရန်အတွက် ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်၊ ပေါင်မုန့်ခြောက်၊ ငါးခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့သို့ ရောက်ရှိကြပြီး၊ မောင်တောမြို့ဝန်းကျင်ရှိ မြို့သူကြီးကျေးရွာ၊ အီတာလျံ၊ ပန်းတောပြင်၊ မြို့ဦးနှင့် ရပ်ကွက်(၄)၊(၅) တို့တွင် မီးလောင်ကျွမ်းမှုများကို တွေ့ရှိရာ အကြမ်းဖက်သမားများမှ မိမိတို့နေအိမ်များကို ပြန်လည် မီးရှို့ခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် မောင်တောမြို့ သာသနာ့ဗိမ္မာန်နှင့် အမှတ်(၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတို့တွင် ခေတ္တခိုလှုံလျက်ရှိသော ပြည်သူများနှင့်တွေ့ဆုံရာ မိမိတို့ အစိုးရအနေ နှင့်နိုင်ငံတော် အတိုင်ပင်ခံ၏ ဦးဆောင်လမ်းညွှန်မှု၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု၊ တပ်မတော်၏ ပံ့ပိုးမှုကူညီမှုများဖြင့် အခက်အခဲအမျိုးမျိုးကြားမှ စားနပ်ရိက္ခာ များ ဖြန့်ဝေထောက်ပံ့နိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ အစိုးရသည် ရခိုင်တိုင်းရင်းသားအပါ အဝင် ဒေသခံတိုင်းရင်းသားအားလုံးနှင့် တစ်သားတည်းရှိပါကြောင်းနှင့် ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားကာ လတ်တလောစားသုံးရန်အတွက် စားနပ်ရိက္ခာများနှင့် လူမှုရေးအရ ထောက်ပံ့ရန် လိုအပ်သူများကို ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် မောင်တော ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး၊ ယနေ့မောင်တောမြို့ အမှတ်(၄)ရပ်ကွက်တွင် အကြမ်းဖက်သမား၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သော ပြည်သူတစ်ဦးနှင့် လတ်တလောဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိကာ ဆေးရုံကုသ တက်ရောက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများကို အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ကြိမ်ချောင်း၊ တောင်ပြိုဝဲ၊
တောင်ဘဇာစုရပ်များတွင် ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော တပ်မတော်မှ ဆရာဝန်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးမှူးများ၊ သူနာပြုများ နှင့် တွေ့ဆုံပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးနိုင်ရေးနှင့် မောင်တောမြို့နယ် ကျောက်ပန္နူကျေးရွာတွင် လိုအပ်လျက် ရှိသောဆေးဝါးများ ပံ့ပိုးပေးနိုင်ရေးကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုဝဲမြို့သို့ ရောက်ရှိကြပြီး ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တခိုလှုံနေသော ပြည်သူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက် များကို မေးမြန်းရာ ဝန်ထမ်းများအနေဖြင့် ဇာတိမြို့များသို့ ခေတ္တပြန်လိုကြောင်း၊ ဝန်ထမ်း ပြောင်းရွှေ့ရေး ကိစ္စများတွင် မိမိတို့ကို ဦးစားပေး ထည့်သွင်းစဉ်းစားပေးစေလိုကြောင်းတို့ကို တင်ပြကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း‌ြဖေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယခုလည်း ပကတိအခြေအနေကို သိမြင်ရပြီးဖြစ်၍ အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြောကြားကာ လတ်တလောစားသုံးရန် ခေါက်ဆွဲခြောက်၊ ခနောဆန်ပြုတ်၊ ငါးခြောက်နှင့် ကြက်ဥများကို ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events