27.8.2017
ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း (၂၅.၈.၂၀၁၇)ရက်နေ့က စတင်ဖြစ်ပွားသော ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဘေးလွှတ်ရာနေရာဒေသများသို့ ခေတ္တခိုလှုံလျက်ရှိသော တိုင်းရင်းသားပြည်သူများအတွက် လိုအပ်လျှက်ရှိသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ထောက်ပံ့မှုအကူအညီများကို အလျင်မြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်သော အဖွဲ့သည် ယနေ့ မွန်းလွှဲပိုင်းတွင် Air Myanmar Aviation Services Co.Ltd ၏ ပူးပေါင်းကူညီသော ရဟတ်ယာဉ်ဖြင့် ဘူးသီးတောင်မြို့သို့ ရောက်ရှိပြီး မောင်တောဒေသ အတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ နိုင်ငံံ့ဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းထားနိုင်မှု အခြေအနေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ပေးရန် လိုအပ်မည့် အခြေအနေများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနှင့် တွေ့ဆုံ၍ ပေါင်းစပ် ညှိနှိုင်းခဲ့ကြပါသည်။ ထို့နောက် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အေးစေတီဘုန်းတော်ကြီး ကျောင်းများသို့ ရောက်ရှိကြပြီး လတ်တလောဖြစ်စဉ်တွင် အကြမ်းဖက် သမားများ၏ လက်ချက်ဖြင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ပြည်သူများကို အားပေး ကြည့်ရှုခြင်း ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ လိုအပ်ချက်များဖြည့်စည်းပေးခြင်း ဘေးလွှတ်ရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော ပြည်သူ များကို နှစ်သိမ့်အားပေးခြင်း လတ်တလောအသုံးပြုရန် စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခြင်း ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့ (၄)မိုင် အခြေခံပညာ အထက်တန်းကျောင်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူများထံ ရောက်ရှိ ကြပြီး ကြည့်ရှုအားပေး နှစ်သိမ့်စကားပြောကြားကာ လတ်တလောစားသုံးရန် ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများ လူမှုရေး ထောက်ပံံ့မှု ပေးအပ်ရန် လိုအပ်သော သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်များ နှင့်မီးဖွားပြီးစ အမျိုးသမီးများအား ငွေကြေးထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မောင်တောမြို့အတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပြည်သူလူထုများ ပုံမှန်လှုပ်ရှားသွားလာနေထိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိ ပါသည်။
