

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြရာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဌ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း)က ရိပ်သာ၏ နောက်ခံသမိုင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒတစ်ခု ဖြစ်သော အခြေခံ လူ့အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်သော၊ လူ့ဂုဏ်သိက္ခာ အပြည့်အ၀ ရရှိနိုင်သည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေး တို့အတွက် အကောင်အထည် ဖော်ဆောင်ရာတွင် အပါအဝင်ဖြစ်သော သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများ ချမှတ်ကာ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် လက်တွေ့ကျကျ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ သက်ကြီးရွယ်အို အခွင့်အရေးဥပဒေအရ သက်ကြီး ရွယ်အိုများ အနေဖြင့် ကိုယ်တိုင်ရပ်တည်ပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်နှင့် ပြန်လည် စောင့်ရှောက်ခံပိုင်ခွင့်များ အပြင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့် ရှိပါကြောင်း၊ သက်ကြီး ရွယ်အိုတိုင်း အိုမင်းမစွမ်းများ မဟုတ်ပဲ၊ အိုမင်းစွမ်းများလည်း ရှိပါကြောင်း၊ ယခုအခါ သက်ကြီး ရွယ်အိုများကို အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်းနှင့် နေ့ခင်းပိုင်း စောင့်ရှောက်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ အသက်ကြီးလာသော်လည်း တက်ကြွသောစိတ်နှင့် ကျန်းမာသော ကိုယ်ခန္ဓာတို့ကို ပိုင်ဆိုင်မှုရှိလာအောင် အိုမင်း မစွမ်း မဖြစ်မီကတည်းက ကြိုတင်ပြုစုစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ သက်ကြီး ရွယ်အိုများကို လစဉ်ငွေကြေးထောက်ပံ့သော လူမှုရေး ပင်စင်လည်း ဥပဒေအရ ပေးအပ်လျှက် ရှိပါကြောင်း၊ ယနေ့ ရောက်ရှိနေသော ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ချက်များမှာ အထူးကောင်းမွန်ပါကြောင်းနှင့် အစိုးရ အနေဖြင့်လည်း သက်ကြီး ရွယ်အို များအတွက် ပံ့ပိုးကူညီမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဘိုးဘွားရိပ်သာဝင်း အတွင်းရှိ အဘိုးဆောင်၊ အဘွားဆောင်၊ ထမင်းစားဆောင်များကို လှည့်လည် ကြည့်ရှု ပြီး ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ တွင် အဘိုး (၁၂၁)ဦးနှင့် အဘွား (၃၉)ဦးကို ပြုစုစောင့်ရှောက်လျှက် ရှိပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ စိုက်ပျိုးရေးရုံးခန်းမတွင် ကျင်းပသော ကျေးရိုးကျေးရွာအုပ်စု၊ အာနွန်နီးယားကျေးရွာနှင့် ရမ်းတိုလာကျေးရွာကြားတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ချောင်းကူးတံတားပြန်လည် တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကြုံတွေ့ နေရပြီး ကြံ့ကြံ့ခံ တုန့်ပြန်နိုင်ရန်အတွက် အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း ထိုသို့တုန့်ပြန်ဆောင်ရွက်ရာတွင် အဆောက်အဦ၊ လမ်းတံတားကြံ့ခိုင်မှု အားနည်းခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး အားနည်းခြင်းနှင့် လျှပ်စစ်ဓါတ်အား ရရှိ၊ သုံးစွဲနိုင်မှု အားနည်း ခြင်း စသော အဆင်သင့်မဖြစ်မှုများကြောင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများတွင် အဟန့်အတားဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့သော လမ်းတံတား များနှင့် ကြံ့ကြံ့ခံနိုင်သော အဆောက်အဦများဖြစ်ပေါ်စေရန် ဆောင်ရွက်လျှက် ရှိပါ ကြောင်း၊ ယခု သဘာဝဘေးကြောင့် ပျက်စီးသွားသော တံတားမှာလည်း ဒေသတွင်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ရှိပြီး ကူးသန်းသွားလာမှုအတွက် အချက်အချာ ကြသည့် နေရာတွင် ရှိပါကြောင်းနှင့် ပြည်သူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေ မည် ဖြစ်သဖြင့် အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားပြီး၊ တံတားတည်ဆောက်ရန် ငွေကျပ် (၅၁.၅၄)သန်းအား ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သတင်းရရှိပါသည်။
Unicode Version