လူငယ်ရေးရာမူဝါဒ၏ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်သတင်း

(၂၄-၈-၂၀၁၇)၊ နေပြည်တော်
မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီ (၃)ရပ်ဖြစ်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် မူကြမ်းရေးဆွဲရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဥက္ကဌများဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကော်မတီ (၃)ရပ်မှ အဖွဲ့ဝင်များ၊ လူငယ်ကိုယ်စားလှယ်များ၊ နည်းပညာအကြံပေးအဖွဲ့နှင့် UNFPA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်မူဝါဒ ရေးဆွဲရခြင်းမှာ ပြောင်းလဲပွင့်လင်းလာတဲ့ ပြည်သူ့အစိုးရလက် ထက် ဒီမိုကရေစီခေတ်မှာ မိမိတို့ အစိုးရအနေနဲ့ လူငယ်များရဲ့ ကဏ္ဍကို ချန်လှပ်မထားတော့ဘဲ အလေးထားခြင်း၊ ဦးစားပေးခြင်းများ ပြုလုပ်ခြင်းဖြင့် လက်ဆင့်ကမ်းကောင်းမွေ ပေးနိုင်ရန် ဖြစ် ကြောင်း၊ လူငယ်များ၏ အနာဂတ်သည် နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် လူငယ်များ၏ ကဏ္ဍ၊ လူငယ် များ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် လူငယ်များအား စနစ်တကျ ပြုစု ပျိုးထောင်နိုင်သော လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် လူငယ်မူဝါဒ လိုအပ်ကြောင်း၊ လူငယ်များကြား မတူညီကွဲပြားသည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း၍ ဘုံသဘောတူညီချက် ကိုရယူကာ အဆင့်ဆင့် အချိန်ယူဆောင်ရွက်ပြီး၊ ဤလူငယ်မူဝါဒ မူကြမ်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဤမူဝါဒမှတဆင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ထုတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဤမူဝါဒကို ရေးဆွဲရာတွင် လုံလောက်သော အချိန်ရရှိပြီးဖြစ်သည်အပြင်၊ နောင်တွင်လည်း ခေတ်စနစ် အခြေအနေနှင့် လိုက်လျော ညီထွေမှုရှိ ရန် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင် သည်ဖြစ်ရာ ဤမူဝါဒကို အတည်ပြု၍ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် အလေးထား ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ဒုတိယဥက္ကဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က လူငယ်ရေးရာမူဝါဒသည် တိုင်းပြည်၏ အနာဂါတ်ကို ပုံဖော်ထုဆစ်သည့် ကဏ္ဍတစ်ခု ဖြစ်ပါသဖြင့် အလွန်အရေးကြီးပါကြောင်း၊ လက်ရှိ အခြေအနေကို သုံးသပ်ရာ၌ အဖက်ဖက်မှ လွှမ်းခြုံ၍ စဉ်းစားသုံးသပ်ရခြင်း ဖြစ်သဖြင့် ရှု့ထောင့်မျိုးစုံ၊ အမြင်မျိုးစုံ ထည့်သွင်းစဉ်စားရမည် ဖြစ်ပါကြောင်း၊ စနစ်ကို အခြေပြု ချဉ်းကပ်ခြင်း၊ စနစ်ကို အခြေပြု စဉ်းစားတွေးခေါ်ခြင်းတို့ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားလုံး ပါဝင်သည့် မဟာဗျူဟာများ ချမှတ်ရေးဆွဲရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အားလုံး ကလည်း မည်ကဲ့သို့ ပါဝင်ကူညီပံ့ပိုးရမည်ကို ရှင်းလင်းစွာ သိရှိနိုင်သည့် တိကျ၍ လက်တွေ့ကျသော လုပ်ငန်းရပ်များ စဉ်းစားထည့်သွင်းပေးရန်လိုကြောင်း၊ လူငယ်မူဝါဒသည် ပညာရေးမူဝါဒနှင့် နိုင်ငံရေး ဖြစ်ပေါ်နေမှုတို့ဖြင့် တိုက်ရိုက်အချိုးကျလျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြ ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ အမြန်ဆုံး ပေါ်ထွက်လာစေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ သက်ဆိုင်ရာ ကော်မတီမှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events