၁၀.၈.၂၀၁၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon Long နှင့်အဖွဲ့က ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်း၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံတွင်ကြုံတွေ့နေရသော ရေကြီးရေလျှံမှုများအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ယခင်နှစ်ကထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်သွားလိုသည့် မြန်မာနိုင်ငံသား (၇၁)ဦး ပြန်လည်လက်ခံရေးကိစ္စအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ်တွင် မိမိသဘောဆန္ဒအလျောက် မြန်မာနိုင်ငံသို့ပြန်လိုသူ (၂၄၇)ဦး မှတ်ပုံတင်ထားပါကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ပြန်လာလိုသည့် မြန်မာနိုင်ငံသားများကိစ္စအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများအတွက် နေရာထိုင်ခင်းနှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ သဘောထားအမြင်များ သိရှိရပါက ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်လက်အသိပေးနိုင်ပါကြောင်း ဆွေးနွေး ပါသည်။
ပြည်ထောင်စုဝန်ကြီးကလည်း မိမိတို့တွင်ယခင်နှစ်က ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ (၇၁)ဦး လက်ခံသည့် အတွေ့အကြုံရှိပါကြောင်း၊ မနှစ်က ၎င်း(၇၁)ဦး၏ မည်သူမည်ဝါ ဖြစ်ကြောင်း မှတ်ပုံတင်(Certificate of Identify)ရရှိပြီး ပြန်လည်မဝင်ရောက်မီ (၁)လအလို တွင်မှ မိမိတို့ဝန်ကြီးဌာနက သိရသဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ ပါကြောင်း၊ ၎င်းတို့၏မျှော်မှန်းချက်များမှာ မြင့်မားပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံနှင့် နိုင်ငံတွင်း တွင်လည်း ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအဖွဲ့ (Case Management Team)ဖွဲ့စည်းထား ပါကြောင်း၊ ထိုင်းနိုင်ငံမှ ယခုတစ်ကြိမ် ပြန်လည်ဝင်ရောက်လာမည့် အရေအတွက်မှာ များပြားသဖြင့် ၎င်းတို့မဝင်ရောက်မီ ဝန်ကြီးဌာန၏ Case Management Team ကို ထိုင်းနိုင်ငံသို့စေလွှတ်၍ တစ်ဦးချင်းစီ၏ ဖြစ်ရပ်ဆိုင်ရာ အချက်အလက်များ ကောက်ယူလိုပါကြောင်း၊ သို့မှသာ ၎င်းတို့၏ ပြန်လည်နေရာချထားရေးနှင့် သက်မွေးလုပ်ငန်း စီမံပေးရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအဖွဲ့တွင်လည်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင် သင့်ပါကြောင်း၊ အဆိုပါမြန်မာနိုင်ငံသားများ ပြန်မဝင်ရောက်မီ လုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပသင့်ပါကြောင်း၊ ၎င်းအပြင် သက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်ပေးရန်လည်း အရေးကြီးပါကြောင်း ဆွေးနွေးပါသည်။
ထိုင်းသံအမတ်ကြီးကလည်း ထိုင်းအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာသုံးစက်ပစ္စည်းများထောက်ပံ့ခြင်း၊ ကျောင်းပြုပြင်ခြင်း၊ ကျောင်းများတွင် သန့်စင်ခန်းများ ဆောက်လုပ်ပေးခြင်းများပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ဆန်စက်(၁)လုံး ထူထောင်ပေးရန် စီစဉ်နေပါကြောင်း၊ရခိုင်ပြည်နယ်တွင် ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု ပြုလိုကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ လူမှုရေးဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးမှုပြုရန် စီစဉ်ဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ကြ ပါသည်။
Unicode Version