“သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အရေးကိစ္စတိုင်းအတွက် ပေါင်းစပ်ညှိနှိုင်းအဖြေရှာခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများသည် အဖွဲ့အစည်းတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်း အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် ကိစ္စမျိုးမဟုတ်သည့်အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ခြင်းသည် အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ပြုမှု၏ ပြယုဂ်တစ်ခုမျှသာဖြစ်ပါကြောင်း၊ မည်သည့် နည်းလမ်းဖြင့်မဆို ပူပေါင်း ဆောင်ရွက်မှုများကိုဆောင်ရွက်ရန် အသင့်ရှိပါကြောင်းစသည်ဖြင့် (၁၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီတွင် ဦးစီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲတွင် ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်က အမှာစကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်း များ၊ ဘေးကျရောက်ချိန်များတွင် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းအပါအဝင် လူမှုစီးပွားဘဝပြန်လည် ထူထောင် ရေးလုပ်ငန်းများနှင့် ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် နိုင်ရေးအတွက် အဆိုပါ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်ပါသည်။
အဆိုပါအခမ်းအနားတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Actionaid Myanmarအဖွဲ့ အစည်းတို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် Norwegian Refugee Council- NRC အဖွဲ့အစည်းနှင့် ထပ်မံပြင်ဆင်ဖြည့်စွက်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် နှစ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။