မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များအနက် ကမ်းပြိုဘေးသည်လည်း တစ်ခု အပါ အဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ခန့်မှစ၍ နိုင်ငံအဝှမ်း ပိုမိုဖြစ်ပွားလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။
မှတ်တမ်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကမ်းပြိုဘေး (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လ (၃၁) ရက်နေ့အထိ (၁၈၈) ကြိမ်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသဖြင့် ယခုနောက်ပိုင်းတွင် ပိုမိုဖြစ်ပွား လာလျက်ရှိသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြားသောဘေးအန္တရာယ် များအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိသကဲ့သို့ပင် ကမ်းပြိုဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးရသော ပြည်သူများ၊ ကမ်းပြိုမည့်အန္တရာယ်ကြောင့် နေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ ပြိုကျပျက်စီး နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ မိသားစုသုံးပစ္စည်းများနှင့် သေဆုံးသူများအတွက် ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁) ရက်မှဇူလိုင်လ (၃၁) ရက်နေ့ထိ ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေး (၁၈၈) ကြိမ်အတွက် ပစ္စည်းတန်ဖိုးနှင့် ငွေသားစုစုပေါင်း ကျပ် (၃၃၆.၂၁၆) သန်း ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။
(၈-၈-၂၀၁၇) နေ့တွင်လည်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကျက်သောင်း တောင်ကျေးရွာ၌ မဒါန်းချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၂၅) စုမှ လူဦးရေ စုစုပေါင်း (၉၉) ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် တာဝန်ရှိသူများသည် (၉-၈-၂၀၁၇) နေ့တွင် ကျက်သောင်းတောင်ကျေးရွာသို့သွားရောက်ကာ ကမ်းပါးပြိုသည့်အခြေအနေများကို ကြည့်ရှုပြီး ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၂၀၇,၉၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂,၅၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၇၀၇,၉၀၀) ကျပ်နှင့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။