ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးမှ Ms.Renata Lok Dssallien အဖွဲ့အား လက်ခံတွေ့ဆုံ၍ ရခိုင်ပြည်နယ်တွင် ပူးပေါင်းစစ်တမ်း ကောက်ယူနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးမှုသတင်း

 

၄.၈.၂၀၁၇၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှ Ms.Renata Lok Dssallien နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင် ပူးပေါင်းစစ်တမ်းကောက်ယူနိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ရခိုင်ပြည်နယ်၌ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့မှ ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့သို့ ကူးပြောင်းနိုင်ရေးနှင့် ပြည်နယ်အတွင်း လူမှုကျွမ်းဝင် ရင်းနှီးပေါင်းစပ်မှုတိုးမြှင့်ရေး ရည်ရွယ်ချက် များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် UNDPမှ သုတေသနပညာရှင်များသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး အဆိုပါစစ်တမ်းအား ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ စစ်တမ်းတွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ၊ လူမှုကျွမ်းဝင် ရင်းနှီးပေါင်းစပ်မှုဆိုင်ရာ သဘောထား အမြင်များ၊ ပညာရေး/ကျန်းမာရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်       မှုများ ရရှိမှုအခြေအနေ၊ သဘာဝဘေးကြုံတွေ့မှုနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးဆိုင်ရာများ၊ နေ့စဉ်စားသုံးမှုနှင့် အစာအာဟာရဆိုင်ရာများအား ဖေါ်ထုတ်သွားမည်ဖြစ်ပါသည်။ စစ်တမ်းဆောင်ရွက်ခြင်းအား ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်အချို့တွင် ၂၀၁ရခုနှစ်၊ သြဂုတ်လမှ စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး သုတေသနအင်္ဂါရပ်ဖြင့် ညီညွတ်စေရေး၊ လူပုဂ္ဂိုလ်များအပေါ် သုတေသနစမ်းသပ်မှုဆိုင်ရာ ကျင့်ဝတ်ကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူရေးတို့အား အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်ပအထောက်အပံ့များ ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ကျင်းပပြုလုပ်သော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲဖွဲ့စည်းရေးအစည်းအဝေးသို့ တက်ရောက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အထောက်အပံ့များအား မကြာခင်က ဖွဲ့စည်းခဲ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့များ ပေါင်းစပ်ညှိနှိုင်းရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ဖွဲ့စည်းနိုင်ရေးအတွက် အစည်းအဝေး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယခု ပေါင်းစပ်ညှိနှိုင်းရေး နည်းလမ်းအသစ်တွင် အစိုးရ၏ပိုင်ဆိုင်မှု (State Ownership)၊ ပိုမိုကောင်းမွန်သော  ပူးပေါင်းဆောင်ရွက်မှု (Better Cooperation)၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု(Transparency and Accountability) စသည့်အချက်များအား ပိုမိုမြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က    အသစ်ဖွဲ့စည်းမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲဖွဲ့စည်း ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှွှန်ကြားရေးမှူး ဦးကျော်လင်းထင်က အဆိုပြုဖွဲ့စည်းပုံနှင့် အဖွဲ့ခွဲ၏လုပ်ငန်းတာဝန်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ ကိုယ်စားလှယ်စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

Sign Up

Upcoming Events