သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဖြစ်စဉ်များကိုလေ့လာသုံးသပ်ပြီး ရေရှည်အတွက် ကြိုတင်ပြုပြင် ပြင်ဆင်မှုများ ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆွေးနွေး

27_pic03
(၂၇-၇-၂၀၁၇)၊ မကွေးတိုင်းဒေသကြီး

၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် တိုင်း/ဒေသကြီးပြည်နယ်အချို့တွင် ရေကြီးနစ်မြှပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် (၂၇-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံ၍ လက်တလောဖြစ်ပွားနေသည့် ရေဘေးသင့်ပြည်သူများအား ချက်ချင်းကူညီထောက်ပံ့မှုပြုရေးနှင့် ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။ ယင်းနောက် လတ်တလောဆောင်ရွက်ရန်လိုအပ်သည့် နတ်မောက်မြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာ ကမ်းပါးပြိုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ်သိန်း (၇၇၂.၆၀) ကို ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မင်းဘူး(စကု)မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ မှန်ကင်းဘုန်းတော်ကြီးကျောင်းနှင့့် ညောင်ဇဉ်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်ပွားမှုသည် ပုံမှန်ဖြစ်နေကျဘဲဟု သဘောထားနေပါက နှစ်စဉ်ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်နေကြရမည်ဖြစ်ပြီး အကြောင်းရင်းကို သေချာစွာ လေ့လာသုံးသပ်ပြီး ရင်းနှီးပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာကျရောက်မည့် သဘာဝဘေးအတွက်ရင်ဆိုင်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်းပညာရှင်များ၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရေဘေးရှောင်ပြည်သူများကို အားပေးစကား ပြောကြားကာ (၇)ရက်စာ ဆန်ရိက္ခာဖိုးကျပ် (၆.၃) သိန်းစီနှင့် သောက်ရေသန့်များကိုလည်းကောင်း၊ စခန်းရှိ ကလေးငယ်များအတွက် ကစားစရာနှင့်မုန့်များကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ်၊ ရွာသာကျေးရွာသို့ သွားရောက်ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအားလည်းကောင်း၊ ရေမြက်ကျေးရွာသို့ သွားရောက်ပြီး ဆားပွက်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအားလည်းကောင်း ကြည့်ရှုကာ ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် Drone များဖြင့် ရေကြီးရေလျှံဖြစ်ပွားမှု၊ ကျေးရွာခြင်းဆက်လမ်းများ၏ အခြေအနေနှင့်တည်ရှိမှုများကို ကောင်းကင်ဓါတ်ပုံရယူနေခြင်းကို ကြည့်ရှုကာ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ရင်းနှီးမြှပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာပံ့ပိုးမှုလိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး (မကွေး)၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့အား သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events