သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာပံ့ပိုးမှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားမှုသတင်း

၂၃.၇.၂၀၁၇

၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အချို့ဒေသများတွင် မြစ်ရေကြီးခြင်းများဖြစ်ပေါ် လျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ရပ်ကွက်ကျေးရွာများတွင်ရှိကြသော ပြည်သူများသည် ရေကြီးနစ်မြုပ်မှုကြောင့် ယာယီရေး ဘေးရှောင်စခန်းများသို့ ခေတ္တခိုလှုံနေထိုင်လျက်ရှိပါသည်။                                                                              လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရေးဘေးရှောင်ယာယီခို လှုံရေးစခန်းတစ်ခုဖြစ် သော ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်းသို့ ယနေ့ရောက်ရှိကြပြီး ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပါသည်။                                                      အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးကို အမြဲရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှု၊ သစ်တောသစ်ပင်ပြုန်းတီးမှု၊ ပင်လယ်ရေမျက်နှာပြင်အောက် ကြမ်းပြင်မြင့်တက်မှု၊ ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် ရင်းနှီးမြုပ်နှံမှု အားနည်းမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ခံနိုင်ရည်ရှိမှုတို့ ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာ အသုံးချမှု အားနည်းခြင်းတို့သည် အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် ပြည်သူတို့ ခံစားနေရသော ဘေးဒုက္ခများ အတွက် လတ်တလောဖြေရှင်းနည်းနှင့် ရေရှည်ဖြေရှင်းရန် နည်းလမ်းနှစ်မျိုးလုံးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော အနေဖြင့် ဘေးဒုက္ခရောက်နေသူများကို ချက်ချင်းကူညီထောက်ပံ့မှုပြုခြင်း၊ ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေးဘေးရှောင်ပြည်သူများ လတ်တလော စားသုံးရန်အတွက် ဆန်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့်နှင့် ကလေးငယ်များအတွက် ကစားစရာ အရုပ်နှင့် အာဟာရမုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။                     ထို့နောက် ကျိုက်ထိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခု ကျိုက်ထိုမြို့နယ် ရေကြီးမှုသည် အနှစ်(၂၀)အတွင်း ပထမအကြိမ် အကြီးမားဆုံး ဖြစ်ကြောင်း၊ ဖြစ်စဉ်၏အဓိကအကြောင်းရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ နုန်းနှစ်များဖြင့် စီးဆင်းကျလာခြင်း၊ ရေထွက်လမ်းချောင်းငယ်များ ကျဉ်းမြောင်းတိမ်ကောခြင်း၊ လူနေရပ်ကွက်များ စနစ်ကျမှုမရှိဘဲ တိုးချဲ့လာခြင်းတို့ကြောင့် ဖြစ်သဖြင့် လာမည့်နှစ်များတွင် ထပ်မံဆိုးရွားစွာမဖြစ်စေရေး ရေရှည်စီမံချက် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖိုက်ဘာစက်တပ်လှေ (၅) စီးနှင့် အသက်ကယ် အင်္ကျီ (၁၅၀) ထည်အတွက် ထောက်ပံ့ငွေ (၁၂၅) သိန်း၊ ချိန်းစောလွှ (၂) လက်၊ ရွက်ဖျင်တဲ (၅) လုံးနှင့် လက်ကိုင်စကား ပြောကိရိယာ (၅) လုံးတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events