ရေကြီးရေလျှံမှုများကိုထိရောက်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုသတင်း

(၁၅-၇-၂၀၁၇)၊ မန္တလေး
အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ယမန် နှစ် ရေကြီးနစ်မြှပ်မှုအတွေ့အကြုံများ၊ ယခုနှစ်ကြိုတင်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တုန့်ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပါသည်။
ယင်းနောက် မိုးရာသီတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရန်နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အရေးပေါ်လိုအပ်လျက်ရှိသော ဖိုက်ဘာစက်တပ်လှေ (၅) စီးဝယ်ယူရန် ကျပ်သိန်း (၁၁၀ိ/-) ကို ပြည်ထောင်စု ဝန်ကြီးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဟာအောင်မြေမြို့နယ်ရှိ ဂေါ၀ိန်ဆိပ်ကမ်းသို့ သွားရောက်ပြီး ယခု မိုးရာသီ ကာလ ရေဝင်ရောက်မှုအခြေအနေကိုလည်းကောင်း၊ တံတားဦးမြို့နယ်၊ ဟံသာဝတီကျေးရွာအုပ်စု၊ ညောင်ဇင်ရွာသို့သွားရောက်ပြီး ဒုဌဝတီမြစ်ရေဝင်ရောက်မှုမှကာကွယ်ရန် ဆောင်ရွက်ထားရှိမှုနှင့် သဲအိတ်များ အသင့်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုပြီး ရေရှည်အစီအမံများဆောင်ရွက်ရန် ညှိနှိုင်းပေးခဲ့ပါသည်။
ယင်းနောက် တံတားဦးမြို့နယ်၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာသို့သွားရောက်၍ ကျိုးနေသော မြို့ရိုး ဟောင်းနေရာမှရေဝင်ရောက်မှုအား ကြည့်ရှုပြီး နှစ်စဉ်မိုးရာသီတွင် ရေဝင်ရောက်ရာနေရာဖြစ်သဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင် နိုင်ရေး စီမံဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါနေရာအားပြုပြင်ခြင်းဖြင့် နှစ်စဉ်မိုးရာသီတွင် ကျေးရွာနှစ်ရွာ အား ရေဝင်ရောက်မှုမှကာကွယ်နိုင်မည်ဖြစ်ပါသည်။
မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)သို့သွားရောက်ပြီး မူးယစ်ဆေး ဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေးအတွက် ယခုဖွင့်လှစ်ထားရှိသည့် ပြန်လည်ထူထောင်ရေး စခန်းကိုစံပြအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန် ယူဆောင်ရွက်နေသူများနှင့် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးရုံးတွင် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ချမ်းမြသစ္စာ၊ ချမ်းသုခ၊၃၆ ပရဟိတနှင့်စိန်ပန်းရပ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုန့်ပြန်ရန် အဆင်သင့်ဖြစ်စေရေးအတွက်နိုင်ငံတော်အစိုးရ၊ပြည်သူလူထုနှင့်လူမှုရေးအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events