မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကျင်းပပြုလုပ်ခြင်း

(၁၄-၇-၂၀၁၇)၊ နေပြည်တော်
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၇) ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီသည် နိုင်ငံတော် အဆင့် လုပ်ငန်းယန္တရားတစ်ရပ်ဖြစ်ပြီး အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ကိုယ်စား အဓိကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေးဂျင်း၁၉၉၅) အရ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို လုပ်ငန်း နယ်ပယ် (၁၂) ရပ်ဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းနယ်ပယ်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီး/ အမျိုးသားအားလုံးတန်းတူညီမျှစွာ နေထိုင် နိုင်သည့် လူ့အသိုက်အမြုံတစ်ခုအဖြစ် ပြောင်းလဲဖေါ်ဆောင် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် စီမံကိန်းပါဦးတည်ချက်များကို ဝန်ကြီးဌာနများ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲပြီး ဘတ်ဂျက်ချမှတ်ခြင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ရေး၊ ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြော ကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင် သည့် အရပ်ဖက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့်ပူးပေါင်းပြီး မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှ ကာကွယ် တားဆီးရေးနည်းပြသင်တန်းနှင့် အသိပညာပေးသင်တန်းများဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကျား၊မတန်းတူညီမျှရေးကွန်ယက်အဖွဲ့နှင့်   ပူးပေါင်းပြီးကျား၊မအခြေပြု အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်စစ်တမ်းကို မကြာမီ ထုတ်ပြန်နိုင်တော့မည်ဖြစ်ပါကြောင်း၊ အခရာအမျိုးသမီးအဖွဲ့နှင့်ပူးပေါင်းပြီး သက်ငယ်မုဒိမ်းလက်ကမ်း စာစောင်များကိုပုံနှိပ်ဖြန့်ဝေပေးခြင်း၊ ဝန်ဆောင်မှုပေးမည့်သူများနှင့် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ အမျိုးသမီးအဖွဲ့များ ကွန်ယက်နှင့်ပူးပေါင်းပြီး အကြမ်းဖက်မှုလျော့ချရေး အသိပညာပေးအစီအစဉ် များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ သုတေသနအထောက် အထားများ အရကျား၊ မရေးရာတန်းတူညီမျှမှုမရှိခြင်းကိုလျော့ချခြင်းအားဖြင့် ထုတ်လုပ်မှုစွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသမီးများပူးပေါင်းပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရေရှည် တည်တံ့ခိုင်မြဲမှုရှိစေခြင်း၊ သဘာဝဘေးအန္တရာယ်များ ကိုခံနိုင်ရည်စွမ်းအားပိုမိုအားကောင်းလာ စေခြင်းကို တွေ့ရှိရပါကြောင်း၊ မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်(၁၇)ရပ်အနက် ပန်းတိုင်အမှတ် (၅) ဖြစ်သည့် ကျား၊ မတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အမျိုးသမီးများဖွံဖြိုးတိုး တက်ရေးအတွက် အသုံးစရိတ်များထည့်သွင်းတွက်ချက်ထားရှိသည့် လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲရေး၊ နည်းပညာ လုပ်ငန်း အဖွဲ့များဖွဲ့စည်းရေးနှင့် နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ခြင်းနှင့် မိတ်ဖက်ဖွဲ့စည်းနိုင်ရေးအတွက် အတည်ပြုရေးဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ဆက်လက်၍ မဟာဗျူဟာစီမံကိန်းဒုတိယ (၅) နှစ်အတွက် နှစ်အလိုက်စီမံကိန်းများကို လုပ်ငန်းအကောင်အထည် ဖေါ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အတူရေးဆွဲသွားနိုင်ရေး အကြံပြုဆွေးနွေးပေးကြပါရန်ပြော ကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၊ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် မူဝါဒရေးရာလုပ်ငန်းစဉ်များ၊ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ အကောင်အထည်ဖေါ် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးစရိတ်များထည့်တွက်ထားသောလုပ်ငန်းစီမံချက်များရေးဆွဲရေး၊ ထိုစီမံ ချက်များ အကောင်အထည်ဖော်ရန်အတွက် နည်းပညာလုပ်ငန်းအဖွဲ့များဖွဲ့စည်းရေးနှင့် အမျိုးသမီး အရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေကြသော အရပ်ဖက်အဖွဲ့အစည်းများ၊ ကျား၊ မတန်းတူ ညီမျှရေး ကွန်ယက်နှင့် အမျိုးသမီးအဖွဲများ ကွန်ယက်တို့တွင် ပါဝင်သောမိတ်ဖက်အဖွဲ့အစည်းများ အားလုံးပါဝင်သည့် လုပ်ငန်းကော်မတီဖွဲ့စည်းရေးတို့ကို အတည်ပြုခဲ့ကြကြောင်းသတင်းရရှိပါသည်။
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း(International Organization for Migration –IOM) မှ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သောအဖွဲ့နှင့် Wave Money အဖွဲ့မှ အမှုဆောင် အရာရှိချုပ်ဖြစ်သူMr. Brad Jones ဦးဆောင်သော အဖွဲ့ကိုအဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။
IOM အဖွဲ့နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့်နားလည်မှုစာချွန်လွှာရေးထိုး၍ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ အကူအညီပေးရေးနှင့် မိသားစုနှင့်ပြန်လည် ပေါင်းစည်းရေးလုပ်ငန်းများ၊ သဘာဝဘေးဒဏ် လျော့ပါး ရေးနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု အခြေ အနေများ၊ အထောက်အထားမဲ့မြန်မာအလုပ်သမားများထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမှုအတွက် ပူးပေါင်း ဆောင်ရွက်မှုများ၊ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးနှင့် လူကုန်ကူးခံရသူများ အကူအညီပေးရေး တွင် ကမ္ဘာအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံအဆင့်ဆောင်ရွက်မည့်လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ Wave Money အဖွဲ့နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင်ထောက်ပံ့မှု အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် ကလေးအသက် (၂) နှစ်အရွယ်ထိ လစဉ်ငွေကြေးထောက်ပံ့မှုအစီအစဉ်များကို မိုဘိုင်းငွေကြေးဝန်ဆောင်မှုဖြင့် ဆောင်ရွက်နိုင်ရေး ကုန်ကျစရိတ်ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events