– ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Relief International အဖွဲ့အစည်းတို့ ပူးပေါင်း၍ (၁၄.၇.၂၀၁၇)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ EOC အဆောက်အအုံသစ် အစည်းအဝေးခန်းမ၌ နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
– အဆိုပါအခမ်းအနားကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ဦးစီးဌာနရှိသက်ဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ကြီးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် Relief International မှ Country Director နှင့်တကွ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် (၁၅) ဦးခန့်တက်ရောက်ခဲ့ပါသည်။
– အဆိုပါနားလည်မှုစာချွန်လွှာ ရေးထိုးရခြင်း၏ရည်ရွယ်ချက်မှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ Emergency Operation Centre(EOC)တွင် လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေးအတွက် Information Technology (IT)နှင့် GIS ပညာရပ်ဆိုင်ရာ နည်းပညာရှင်များနှင့် အခြားလိုအပ်သော အကူအညီများ ကိုလည်း လိုအပ်လာပါက ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ ဘေးအန္တရာယ်ကျရောက်သောဒေသများအတွက် သဘာဝဘေးဒဏ်ခံ စံပြမျိုးစပါးစိုက်ပျိုးရေးနည်းအား အဓိကကျသော လယ်သမားများနှင့် ဒေသခံစိုက်ပျိုးရေး အသိပညာပေး လုပ်သားများကို သင်တန်းပေးခြင်းဖြင့် ဒေသခံလယ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒေသခံလူထုသွားလာရန် ခက်ခဲသောရွာများနှင့် စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများအား ကူညီပေးရန်နှင့် ပဋိပက္ခကျရောက်သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးကင်း လုံခြုံမှုနှင့် အရေးပေါ်အခြေအနေပြင်ဆင်မှုများ ပိုမိုတိုးတက်လာ စေရန်ရည်ရွယ်၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။