ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေများလာရောက်ပေးအပ်မှုသတင်း

၁၃-၇-၂၀၁၇၊ နေပြည်တော်

ဘင်္ဂလားဒေ့နိုင်ငံမှ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေပေးအပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက အလှူငွေ အမေရိကန်ဒေါ်လာ (၅၃၀,၀၀၀) ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ မြန်မာနိုင်ငံသည် မုန်တိုင်း၊ မုန်တိုင်းဒီရေနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ထိခိုက်ခံစားရသည့်နိုင်ငံဖြစ်သည့်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦများ၊ အသက်ကယ်ကုန်းများသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အဦများဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ခံစားရပြီးနောက် မုန်တိုင်းဒဏ်ခံအဆောက်အဦ (၉၃) လုံးကို ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း (၂၅) လုံးကို တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦ (၃၀) လုံး ထပ်မံဆောက်လုပ်ပေးရန် ဆောင်ရွက်လျက်ရှိရာဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့် (၄) လုံး တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုမှတဆင့် နှစ်နိုင်ငံအကြားအပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်သွား နိုင်မည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNICEF အဖွဲ့မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဌာနကြီးမှူး Mr.Aaron Greenberg ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် မိဘမဲ့ဂေဟာများ တိုးပွားလာခြင်းနှင့် ခရီးသွား လုပ်ငန်းတိုးတက်လာခြင်းတို့တွင် ဆက်စပ်မှုရှိနေပြီး မိဘမဲ့ဂေဟာများကို နိုင်ငံခြားသားများ လာရောက်လေ့လာ လှူဒါန်းစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှုများသည် ကလေးသူငယ်များအပေါ် အလွဲသုံးစားမှုပြုခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သောဖြစ်စဉ်များ ဖြစ်မလာစေရေးကို UNICEF Myanmar ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ရေး၊ ယင်းသို့ဆောင်ရွက်ရာတွင် ဤဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များကို မိသားစုပုံစံ အစားထိုး နည်းလမ်းများဖြင့် စောင့်ရှောက်ခြင်း (Alternative Care) ဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး ဖြစ်ရပ်စီမံခန့်ခွဲသူ (Care Manager)များထားရှိသည့် မြို့နယ် (၂) မြို့နယ်တွင် စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မှု အခြေအနေများ၊ အသစ်ပြဌာန်းမည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေတွင် ကလေးမွေးစားခြင်းဆိုင်ရာအခန်းကဏ္ဍတွင် ယင်းသို့ သော ကလေးသူငယ်များအား အလွဲသုံးစားအမြတ်ထုတ်မှုများမှ ကြိုတင်ကာကွယ်နိုင်ရေးပါဝင်ရေးဆွဲထားမှု၊ မိဘမဲ့ ဂေဟာများ လိုက်နာဆောင်ရွက်ရမည့် ပဋိဉာဉ်စာတမ်း၊ ဂေဟာစည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရေးဆွဲခဲ့မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events