
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့ပူးပေါင်း၍ “သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်နှင့် ကောင်းကင်ဓာတ်ပုံများကို မောင်းသူမဲ့လေယာဉ် (Unmanned Aerial Vehicles – UAVs) များ အသုံးပြု၍ ရယူဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို Horizon Lake View Hotel၊ နေပြည်တော်၌ (၁၂-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါသည်။
အဆိုပါမောင်းသူမဲ့လေယာဉ် (UAVs) အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပရခြင်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆက်စပ်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးအန္တရာယ် မကြာခဏ ကြရောက်လေ့ရှိသည့် ဒေသများမှကိုယ်စားလှယ်များအနေနှင့် မောင်းသူမဲ့လေယာဉ်များ (UAVs) ၏အသုံးပြုပုံ၊ အသုံးဝင်ပုံနည်းလမ်းများကို သိရှိလာနိုင်ပြီး ကောင်းကင်ဓါတ်ပုံများ အသုံးပြု၍ သတင်းအချက်အလက်များကို ရယူနိုင်ကာ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများတွင် မောင်းသူမဲ့လေယာဉ်များ (UAVs) ကို စနစ်တကျအသုံးပြုနိုင်မည့် အကျိုးကျေးဇူးများကိုရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို (၁၂-၇-၂၀၁၇) ရက်နေ့မှ (၁၄-၇-၂၁၀၇) ရက်နေ့ထိ (၃) ရက်တာ ပြုလုပ်မည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် မောင်းသူမဲ့လေယာဉ် (UAVs) လက်တွေ့ပျံသန်းလေ့ကျင့်မှုနှင့် သဘာဝဘေးအရေးပေါ်အခြေအနေတွင် (UAVs) များကို စေလွှတ်ပျံသန်းမှု သဏ္ဍာန်တူလေ့ကျင့်ခန်းအစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တက်ရောက်လာသောကိုယ်စားလှယ်များအနေဖြင့် လက်တွေ့လေ့ကျင့်ပျံသန်းမှုများကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဆက်စပ်အစိုးရဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးအန္တရာယ် မကြာခဏ ကြရောက်လေ့ရှိသည့် ဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။