နေပြည်တော်၊ ၁၀-၇-၂၀၁၇ ရက်နေ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၀-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် Ethical Review Board ၏ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Research and Development Center ကို ဖွင့်လှစ်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Ethical Review Board ညှိနှိုင်းအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခြင်းဖြစ်တဲ့အတွက် များစွာဂုဏ်ယူဝမ်းြမောက်မိပါကြောင်း၊ ဝန်ကြီးဌာနက ချမှတ်ထားသောမူဝါဒများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သုတေသန နယ်ပယ်များဖော်ထုတ်ခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် ဝန်ကြီးဌာနက လိုအပ်သောဥပဒေများ၊ စီမံချက်များရေးဆွဲရာတွင် ခြေမြစ် ခိုင်မာသောသုတေသနရလဒ်များကိုအသုံးပြုနိုင်ပြီး ဝန်ဆောင်မှုများကိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ Ethical Review Board အဖွဲ့ဝင်များအနေဖြင့်လည်း ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် လုပ်ငန်းများကိုထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အသေးစိတ် အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သုတေသနစာတမ်းရှင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။