
၉.၇.၂၀၁၇
ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် ရောက်ရှိနေသော ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ခရီးစဥ်အတွင်း(၉-၇-၂၀၁၇)နေ့ နံနက်ပိုင်းတွင် ကျောက်တော်မြို့၊ မဟာမုနိဘုရားကြီးသို့ သွားရောက် ဖူးမျှော်ကာအလှူငွေများ လှူဒါန်းပေးအပ်ခဲ့ပါသည်။ ထို့နောက် မြောက်ဦးမြို့နယ် တိန်ညိုရွာ ဘုန်းတော်ကြီးကျောင်း၊ နရမ်းကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် စစ်တေွမြို့နယ်၊ စက်ရုံစုရပ်ကွက်၊ ဓမ္မာရာမဘုန်းတော်ကြီးကျောင်းများတွင် ၀ါဆိုသင်္ကန်းများနှင့် ၀တ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုမှတဆင့် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာနှင့် အပေါက်ဝကျေးရွာများသို့ ရောက်ရှိကာ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ နိုင်ငံတော် အစိုးရက ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ ပြည်သူ့ထံသို့အရောက် လာပြီးပြည်သူများ၏ဆန္ဒအမှန်၊ ပြည်သူ့အသံများနားထောင်ကာ ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက် ရန်အတွက် ဖြစ်ပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ဒေသခံရခိုင်ပြည်သူများနှင့် လက်တွဲဆောင်ရွက် လိုကြောင်းပြောကြားပြီး မိမိတို့နှင့်အတူရခိုင်ပြည်သူများအကျိုးကို တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်နေသော ပြည်နယ်အဆင့် ပညာရေး၊ ကျန်းမာရေး၊ နယ်စပ်ရေးရာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာ၀န်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ဆွေးနွေးတင်ပြမှုအပေါ် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရာ မြောက်ဦးခရိုင်အတွင်း သဘာ၀ဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်(၄) မြို့နယ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၀င်များအသုံးပြုရန် ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ အသက်ကယ်အင်္ကျီ အထည်(၂၀၀)၊ သရက်တပင်အထကကျောင်းခြံစည်းရိုး အရေးပေါ်ပြုပြင်ကာရံခြင်းအတွက် ငွေကျပ် သိန်း(၂၀)၊ သဘာ၀ဘေးကြောင့် ပျက်စီးသွားသော သရက်တပင်ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် ပြုပြင်ရန်အတွက် မတည်ငွေကျပ်(၅)သိန်း၊ သရက်တပင်ကျေးရွာအုပ်စုနှင့် အပေါက်၀ကျေးရွာအုပ်စုတို့ အတွက် သဘာ၀ဘေးဖြစ်စဥ်များတွင် ရှာဖွေကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်ရန် ငွေကျပ်(၄၄)သိန်း တန်ဖိုးရှိ ဖိုက်ဘာစက်တပ်လှေ(၂)စီးထောက်ပံ့ခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် စစ်တွေမြို့၊ မရမာကြီးတိုင်းရင်းသားများ ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး စခန်းတာ၀န်ခံများ၊ စခန်းတွင်နေထိုင်သူများနှင့်တွေ့ဆုံကာ၄င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး၊ အသက်မွေး၀မ်းကျောင်း နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် ဆွေးနွေးခဲ့ပြီးအရေးပေါ်လိုအပ်နေသော နေအိမ်သုံးမီတာပုံးများ တပ်ဆင်ပေးရေးအတွက် ငွေကျပ််(၇၂)သိန်းထောက်ပံ့ခဲ့ပါသည်။ ထို့အပြင်စခန်းနေပြည်သူများအတွက် အ၀တ်အထည်များ၊ ကလေးငယ်များတွက် စားစရာများနှင့် ကစားစရာအရုပ်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။