၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၇-၇-၂၀၁၇)နေ့(၁၁း၀၀)အချိန် ထုတ်ပြန်ချက် အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့တို့တွင် ၎င်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ကျော်လွန်နေကြောင်းနှင့် ချင်းတွင်းမြစ်တလျောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုထုတ်ပြန်ထားပါသည်။
၂။ သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်-
(က) မိုးလေ၀သသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပါ။ မိသားစု၀င်အချင်းချင်းသော် လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့်ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အဆင်သင့်ရှိနေပါစေ။
( ခ) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့်မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။
( ဂ) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။
(ဃ) သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။
( င) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။
( စ) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ်အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားပါ။
(ဆ) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။
( ဇ) မိသားစု၀င်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အားရေးသားပြီး မိသားစု၀င်တိုင်းယူဆောင် ထားပါ။
( ဈ) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာသို့ပြောင်းရွှေ့ခိုလှုံပါ။
(ည) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမး်ပါးများအနီးသို့ မသွားပါနှင့်။
( ဋ) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမး်လျှောက်ခြင်းများ မပြုလုပ်ပါနှင့်။
( ဌ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
( ဍ) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကိုသတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။
( ဎ) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
(ဏ) မြွေနှင့်အဆိပ်ရှိသောသတ္တ၀ါများ၏ အန္တရာယ်ကို သတိပြုပါ။
၃။ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အကြံပြုချက် များအတိုင်း ကြိုတင်ပြင်ဆင်ရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ် ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ပေးပါရန်၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၀န်ကြီးဌာနအနေဖြင့်လည်းသဘာ၀ဘေးဖြစ်ပွားပါကအလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်းပူးပေါင်းပါ၀င်ပေးကြပါရန်နှင့် လိုအပ်ချက်များ ရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆) နှင့် (၀၆၇-၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီရယူခြင်းများ ဆောင်ရွက်ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန