၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပမှုသတင်း

7_Pic_01

နေပြည်တော်၊ ၆-၇-၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ပွဲအခမ်းအနားကို (၅-၇-၂၀၁၇) ရက်နေ့နံက်ပိုင်းက ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းပြည်ဝန်ကိုထမ်းဆောင်နေရသလို မိသားစုအိမ်ထောင့်ဝန်ကိုလည်း ထမ်းဆောင်နေရ ကြောင်း၊ သားသမီးများအတွက် မိဘများ၏တာဝန်သည် ပညာအမွေပေးခြင်းဖြစ်ရာ ငွေကြေးမတတ်နိုင်သော ဝန်ထမ်းအများစုသည် ပညာရေး အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြရသည်ကိုတွေ့ရှိရကြောင်း၊ ထိုဝန်ထုပ်ဝန်ပိုးများကိုလျော့ချရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားပေးနေ သလို မိမိတို့အနေဖြင့်လည်းမိမိတို့၏ ဝန်ထမ်းများကိုပံ့ပိုးကူညီရန်လိုအပ်သဖြင့် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ ပညာ သင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အခြေခံပညာအောင်မြင်ပြီး အဆင့်မြင့်ပညာသင်ယူကြမည့် ဝန်ထမ်း သားသမီးသည် မိမိတို့လက်တွေ့ပြန်လည်အသုံးချ၍ရသော အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူပြုသော ပညာရပ်များကို တတ်မြောက်အောင် ရွေးချယ်ဆည်းပူးသင့်ကြောင်း၊ ပညာကိုလေ့လာရာတွင် အချက်အလက်များကိုအလွတ်မှတ်သားခြင်းထက် အဓိပ္ပါယ် ပေါက်၍ ပြန်လည်အသုံးချနိုင်သောလေ့လာနည်းများဖြင့် တတ်မြောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် (၄) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၆) ဦးတို့အား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ တက္ကသိုလ်အဆင့်၊ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တက်ရောက်ကြမည့် ပြည်ထောင်စုဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများကိုအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့ကလည်းကောင်း၊ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ သား/သမီး များအတွက် ပညာသင်ထောက်ပံ့ကြေးငွေများကိုဒုတိယအမြဲတမ်းအတွင်းဝန်ကလည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ပါသည်။
ယနေ့အခမ်းအနားတွင် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၀) ဦးအတွက်  ကျပ် (၁၇၀၀၀၀၀/-)၊ ရိုးရိုးအောင်မြင်သူ (၃၇) ဦးအတွက် ကျပ် (၁၈၅၀၀၀၀/-)၊ တက္ကသိုလ်တက်ရောက်နေသူ (၂၅၂) ဦးအတွက် (၅၀၄၀၀၀၀/-)၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်းတက်ရောက်နေသူ (၇၉၄) ဦးအတွက် (၉၁၈၆၀၀၀/-) နှင့် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ အသင်းသားများ၏ သားသမီး (၁၈၇) ဦးအတွက် ပညာသင်ထောက်ပံ့ငွေ (၇၇၀၀၀၀/-) တို့ကိုပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:  MSWRR

Sign Up

Upcoming Events