အမျိုးသမီးများ၏ အခွင့်အရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး နိုင်ငံတော်အစိုးရ၊ အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူ့အားကို ပေါင်းစပ်၍ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

7 Pic 03
နေပြည်တော်၊ ၃-၇-၂၀၁၇

မြန်မာနို်င်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၃-၇-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် ထူးချွန်အမျိုးသမီးများဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ပါကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်ခံရမှု မရှိစေရေးကို နိုင်ငံတော်ကတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ပြည်သူ့အစိုးရအဖွဲ့သစ်၏ မူဝါဒများနှင့်အညီ ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး မိမိက ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီတွင် အမျိုးသမီးများ၏အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော လူမှုအဖွဲ့အစည်းများကိုလည်း ပါဝင်ဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်စေရန် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၃-၂၀၂၂) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမ (၅) နှစ်ကာလ ပြီးဆုံးတော့မှာဖြစ်ပြီး ဒုတိယ (၅) နှစ်ကာလအတွက် လုပ်ငန်းအကောင်အထည်ဖော်ရေး စီမံချက်ရေးဆွဲရာတွင် အမျိုးသမီးများ၏လိုအပ်ချက်များကို ဖော်ထုတ်ပြီး တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေမည့် အစီအစဉ်များဖြစ်ဖို့ အရေးကြီးကြောင်း၊ ထိုအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များရေးဆွဲရာတွင် အမျိုးသမီးအဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ လိုအပ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်တားဆီးကာကွယ်ရေး ဥပဒေကိုလည်း မကြာမီပြဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒအရ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကယ်ဆယ်ရေးစခန်းများမှ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ တတ်မြောက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးခြင်းတို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကျေးလက်တောရွာနေ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက်လည်း အထူးစီမံချက်များ ဖော်ဆောင်ပေးဖို့လိုအပ်ပါကြောင်း၊ မြန်မာနို်င်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ချမှတ်ထားသည့်မူဝါဒများနှင့်အညီ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် လူမှုရေးအဖွဲ့အစည်းများက အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များတွင်ပါဝင်သော ရည်မှန်းချက်များနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအမျိိုးသမီးရေးရာ အဖွဲ့ချုပ်၏အင်အားကို အခြားအမျိုးသမီးရေးရာ အဖွဲ့အစည်းများ၏ အင်အားများနှင့်ပူးပေါင်းပြီး နိုင်ငံတော်အစိုးရနှင့်လက်တွဲကာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများပေးအပ်ပြီး ပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events