စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်းနှင့် ဂေဟာ၊ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၉-၆-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ပရဟိတလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်မှုပုံစံမှာလည်း အမျိုးမျိုးရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အချို့ဂေဟာများသည် အစိုးရအသိအမှတ်ပြုဖြစ်ပြီး (၃၄၅) ခုရှိကြောင်း၊ အစိုးရအသိအမှတ်မပြုရသေးသော ပရဟိတဂေဟာ (၄၀၆) ခုခန့်ရှိကြောင်း၊ အစိုးရအနေဖြင့် အသိအမှတ်ပြုပြီးဂေဟာများကို နှစ်စဉ်ထောက်ပံ့ကြေးများ ပေးအပ်လျက် ရှိရာ ငွေကျပ်ပေါင်း (၁.၄) ဘီလီယံကျော်သုံးစွဲလျက်ရှိပါကြောင်း၊ ပရဟိတဂေဟာများသည် မိဘမဲ့ကလေးများသာမက ချို့တဲ့သော မိဘရှိကလေးများကိုလည်း လက်ခံဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ ကလေး၏သဘာဝမှာ မိသားစုဖြင့် နေထိုင်ခြင်းဖြင့်သာ ဖွံ့ဖြိုးတိုးတက်မှု အမှန်ရရှိနိုင်သဖြင့် မိသားစုကို ပံ့ပိုးထောက်ပ့ံခြင်း ပြုလုပ်သောနည်းသည် ပိုမိုသင့်မြတ်သော စောင့်ရှောက်မှုနည်းလမ်းဖြစ်ပါကြောင်း၊ ဂေဟာများတွင် စောင့်ရှောက်မှု ခံယူရပါက ၄င်းတို့၏အခွင့်အရေး အပြည့်အဝရရှိရန် လိုအပ်ပါကြောင်း၊ စွန့်ပစ်မွေးကင်းစ ကလေးများကို စောင့်ရှောက်မှုပေးရာတွင် စောင့်ရှောက်ခြင်းအရည်အသွေးမှာ အရေးကြီးပါကြောင်း၊ ကလေးသူငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ကြံံ့ခိုင်မှု ရရှိရေးကို မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့် စသည်တို့ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့် လျော်ညီစေရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုလည်း မကြာမီ အသစ် ပြဌာန်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း၊ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်များအပေါ် စနစ်တကျပြုစု စောင့်ရှောက်နိုင်ရေး အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွန်း သတ်မှတ်နိုင်ရေးကို အစိုးရက ဦးဆောင်၍ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNICEF Myanmar မှ Mr. Aron Greenberg က အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါကြောင်းနှင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီသီးရှိ ဌာနငယ်၊ သင်တန်းကျောင်းများမှ တာဝန်ခံများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။