ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း(၂)

UN flood B UN flood A

ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း

၁။        လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) မှ (၁၆-၆-၂၀၁၇) နေ့ နိုင်ငံတကာမိုးလေဝသ Website ဖြစ်သော Windyty မှ ရရှိသော အချက်အလက်များအရ ရခိုင်ပြည်နယ်၏ မိုးရေချိန်များမှာ အနည်းဆုံး (၀.၅၈ လက်မမှ ၂.၇၃ လက်မ)ထိ ရှိနိုင်သည့် အနေအထားကိုတွေ့ရှိရပါသည်။

၂။        မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ မိုးရွာသွန်းနိုင်မှုအခြေအနေများကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ မြစ်ရေတိုးခြင်းနှင့် မိုးသည်းထန် စွာရွာသွန်းခြင်းတို့ကြောင့် ရေကြီး/ရေလျှံမှုများဖြစ်ပေါ်လာနိုင်ပြီး ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမ က လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍ သတိထားရန်လိုအပ်ပါသည်။

၃။        သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်-

(က)     မိုးလေ၀သသတင်းများကို စဥ်ဆက်မပြတ်နားထောင်ပါ။ မိသားစု၀င်အချင်းချင်းသော် လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့်ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ အဆင်သင့်ရှိနေပါစေ။

( ခ)      မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့်မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။

( ဂ)      ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။

(ဃ)     သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။

( င)      မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။

( စ)      အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကား တာယာကျွတ်အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထား ပါ။

(ဆ)     တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြုပါ။

( ဇ)      မိသားစု၀င်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အားရေးသားပြီး မိသားစု၀င်တိုင်းယူဆောင် ထားပါ။

( ဈ)     သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာသို့ပြောင်းရွှေ့ခိုလှုံပါ။

(ည)     ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမး်ပါးများအနီးသို့ မသွားပါနှင့်။

( ဋ)      ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမး်လျှောက်ခြင်းများ မပြုလုပ်ပါနှင့်။

( ဌ)      ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။

( ဍ)      ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကိုသတိပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင် တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြုနေထိုင်ပါ။

( ဎ)      မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။

(ဏ)    မြွေနှင့်အဆိပ်ရှိသောသတ္တ၀ါများ၏ အန္တရာယ်ကို သတိပြုပါ။

၄။        ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အကြံပြုချက် များအတိုင်း ကြိုတင်ပြင်ဆင်ရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ် ဆောင် ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ပေးပါရန်၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာနအနေဖြင့်လည်း သဘာ၀ဘေးဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါ၀င်ပေးကြပါရန်နှင့် လိုအပ်ချက်များရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆) နှင့် (၀၆၇-၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီရယူခြင်းများ ဆောင်ရွက်ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

 

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန

 

 

Sign Up

Upcoming Events