ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ ဒေါ်နှင်းနှင်းပိုင် ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း

16_Pic_02

၁၆-၆-၂၀၁၇၊ နေပြည်တော်

(၂၀၁၇) ခုနှစ် ဇွန်လ (၁၆) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ ဒေါ်နှင်းနှင်းပိုင်အဖွဲ့က လာရောက်တွေ့ဆုံရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ နိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသား အဆင့် မဟာဗျူဟာစီမံချက်ကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊  ယင်းစီမံချက်တွင် အဓိက လုပ်ငန်းစီမံချက် (၈) ခုပါဝင်ပြီး ၎င်းအနက် တိုက်ရိုက် ငွေကြေးထောက်ပံ့သောစနစ် (၄) ခုရှိကြောင်း၊ ၎င်းတို့မှာ ယခုစတင်ဆောင်ရွက်လျက် ရှိသော အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ၎င်းတို့က မွေးဖွားလာ သည့် ကလေး (၂) နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်းတို့ဖြစ်ပြီး ကျန်နှစ်ခုမှာ အသက် (၃) နှစ်မှ (၅) နှစ်အတွင်း ကလေးများအား ငွေကြေး ထောက်ပံ့ခြင်းနှင့် မသန်စွမ်းများအားထောက်ပံ့ခြင်း အစီအစဉ်တို့ဖြစ်ကြောင်း၊ ဤအစီအစဉ်များသည် အာဟာရဖွံ့ဖြိုးမှုနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိခြင်းဖြစ်ပါကြောင်း၊ ကလေးအစ ရက်ပေါင်း (၁၀၀၀) ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အမြင့်မားဆုံးဖြစ်၍ အာဟာရသည် အလွန်အရေးကြီး  ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝပြီး ပညာသင်ယူနိုင်မှု စွမ်းအားမြင့်မားရေး၊ ကျောင်းပျက်မှု၊ ကျောင်းထွက်မှုနှုန်း လျော့ပါးရေးအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းသည် အရေးကြီးသည့် လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း ဆွေးနွေးကြပြီး ကမ္ဘာဘဏ်ချေးငွေ ဒေါ်လာသန်း (၁၀၀) ဖြင့် မြန်မာနိုင်ငံတွင်အဟာရပြည့်ဝစေရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့နှင့်ဆွေးနွေးထားပါကြောင်း၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များ ဆောင်ရွက်ရာတွင် လူမှုဖူလုံရေး အမူ အကျင့်များပြောင်းလဲရေး (Social Behavior Change Communication)နှင့် ချိတ်ဆက်ဆောင်ရွက်လေ့ရှိသကဲ့သို့ ခေတ်မီသတင်း အချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) များလည်း ပေါင်းစပ်သုံးစွဲကြပါကြောင်း၊ ကမ္ဘာဘဏ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှု စီမံချက်များတွင် ICT အကူအညီလိုအပ်ပါက ကူညီနိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံ တွင် အာဟာရပြည့်ဝစေရေးလုပ်ငန်းများ အတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အား ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကောင်းမွန် သောစနစ်တစ်ရပ် ပေါ်ပေါက်လာရေးကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

Source:  MSWRR

Sign Up

Upcoming Events