လူမှုရေးပင်စင်ထောက်ပံ့မှုစတင်ခြင်းနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘိုးဘွားအချို့ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်မှုသတင်း

15_Pic_02

နေပြည်တော်၊ ၁၅-၆-၂၀၁၇
လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသောလူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းစဉ် (၈) ရပ် ပါဝင်သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကိုအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲ၍ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးဦးတည်လျက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကပွင့်လင်းမြင်သာစွာဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းစဉ် (၈) ရပ်အနက် (၁) ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများအားလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်အညီအသက်အရွယ်အပိုင်းအခြားအလိုက် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာတစ်နိုင်ငံလုံးရှိအသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအားတစ်ဦးလျှင် လစဉ် ကျပ် (၁) သောင်းနှုန်းထောက်ပံ့ သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင် ကျပ် (၃) သောင်းတိတိကိုဇွန်လ (၁၅) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်သို့ သွားရောက်ပြီး ဦးဖေချစ် (၁၀၁)နှစ်၊ ဒေါ်ကြည်ကြည်(၁၀၀)နှစ် အပါအဝင်အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွား (၁၀) ဦးအတွက် တစ်ဦးလျှင် (၃) လစာထောက်ပံ့ငွေကိုဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် ရိုသေစွာသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိအသက် (၉၀) နှစ်အထက် ဘိုးဘွားများအားလူမှုရေးပင်စင် ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ရပ်ကျေးဥက္ကဌ၊ ရပ်မိရပ်ဖနှင့် အခြေခံပညာကျောင်းဆရာမတို့ပါဝင်သော (၃) ဦးပါအဖွဲ့မှ ကနဦး (၃) လစာထောက်ပံ့ငွေကို ဇွန်လ နောက်ဆုံးပတ်အတွင်းဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်မည်ဖြစ်ပြီးကျန်လများအတွက် (၃) လ (၁) ကြိမ် ထောက်ပံ့ပေးအပ်နိုင်ရေးစီစဉ်ထားရှိသော်လည်း တစ်လတစ်ကြိမ် ထောက်ပံ့နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တွင် အသက်သတ်မှတ်ချက်ကို လျော့ချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ထောက်ပံ့ရာတွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေးအစီအစဉ်အဆင့်ဆင့်နှင့်နည်းပညာများတွင် နိုင်ငံတကာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ Help Age International ကလည်း ပူးပေါင်းကူညီလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source:  MSWRR

Sign Up

Upcoming Events