၁။ ယခုအချိန်ကာလသည် မိုးရွာသွန်းမှုများပြားသည့် အချိန်ကာလဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှရရှိသည့် မြေပြင်သတင်းများ၊ Social Media များမှ သတင်းအချက်အလက်များအရလည်း တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့် ခွဲမှုဗဟိုဌာန (EOC) မှလည်း နိုင်ငံတကာ Website များတွင် စောင့်ကြည့်လေ့လာ၍ မိုးရွာသွန်းနိုင်သည့် အခြေအနေများ၊ မြစ်ရေအခြေအနေများကို ပြည်သူများသိရှိစေရေး အသိပေးလျက်ရှိပါသည်။
၃။ ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိသည့်အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ပုံမှန်ရေကြီး ရေလျှံခြင်းမျိုးသာမက မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်းသတိထားရန်လိုအပ်ပါသည်။ အထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပါကတောင်ကျရေမျာကျဆင်းမှုကြောင့် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လျှပ်တပြက်ရေကြီးမှုများဖြစ် ပေါ်လာနိုင်သည်ကိုအထူးသတိပြုရမည်ဖြစ်ပါသည်။ ပြည်သူလူထုများအနေဖြင့်လည်းရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင် ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်-
(က) မိုးလေဝသသတင်းများကိုစဉ်ဆက်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့် ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် များ အဆင်သင့်ရှိနေပါစေ။
( ခ) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ်ထားပါ။
( ဂ) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။
(ဃ) သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။
( င) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။
( စ) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာ ကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။
(ဆ) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။
( ဇ) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ။
( ဈ) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်း ရွှေ့ခိုလှုံပါ။
(ည) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။
( ဋ) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။
( ဌ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
( ဍ) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိ ပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြု နေထိုင်ပါ။
( ဎ) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
(ဏ) မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။
၄။ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက်များ အတိုင်းကြိုတင်ပြင်ဆင်ရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ပေးပါရန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအနေဖြင့်လည်း သဘာဝဘေးဖြစ်ပွားပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူများ အနေဖြင့်လည်းပူးပေါင်းပါဝင်ပေးကြပါရန်နှင့်လိုအပ်ချက်များရှိပါက Hotline ဖုန်းနံပါတ်များဖြစ်သော (၀၆၇-၄၀၄၆၆၆)နှင့် (၀၆၇-၄၀၄၇၇၇)များသို့ ဆက်သွယ်သတင်းပေးပို့ခြင်း၊ အကူအညီရယူခြင်းများ ဆောင်ရွက် ပေးပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန