သဘာ၀ဘေးကျရောက်သောဒေသရှိဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

သဘာ၀ဘေးကျရောက်သော‌ဒေသရှိ ဘေးသင့်ပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကို  ယနေ့မွန်းလွဲပိုင်းက  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံးအစည်းအ‌ဝေးခန်းမတွင်  အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအ‌ဝေးသို့ ပြည်ထဲရေး၀န်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့်   လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ အမြဲတမ်း အတွင်း၀န်၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

အစည်းအ‌ဝေးတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် လုပ်ငန်းကော်မတီ(၁၂)ခု ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီများ အလိုက် သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးမဖြစ်ပွားမီ ကြိုတင် ပြင်ဆင်ခြင်း၊  ဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိပါကြောင်း၊   ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအလိုက် ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ဘေးသင့်ပြည်သူ များ၏ အသက်မွေး၀မ်းကျောင်းလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ထူထောင်ပေးရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် အရေးကြီး ကြောင်း၊  အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီအနေဖြင့် စီမံဆောင်ရွက်ရသည့် လုပ်ငန်းများတွင် အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီများကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊  လုပ်ငန်းကော်မတီ အသီးသီး၏ လုပ်ငန်းတာ၀န်များသည်လည်း ပြန်လည်ထူထောင်ရေးနှင့် ဆက်စပ် လျက်ရှိပါကြောင်း၊ အချို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံမှန် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင် သည့်အခြေအနေမရှိသေးပါကြောင်း၊ ထိခိုက်မှုအခြေအနေပေါ်မူတည်၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုအားစိုက်ဆောင်ရွက်ရသည်များရှိပါကြောင်း၊ သဘာ၀ ဘေးဒဏ်ခံစား ရသည့် ဘေးသင့်ပြည်သူများအတွက် အခြေအနေကောင်းတစ်ရပ် ဖန်တီးပေးနိုင်ဖို့သည် မိမိတို့၏မူဝါဒတွင်ပါရှိပါကြောင်း၊ သဘာ၀ဘေးသည် မြန်မာနိုင်ငံ အနေဖြင့် ပုံမှန်ကျရောက်နိုင်သည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည့်အတွက် ၀န်ကြီး ဌာနများအနေဖြင့်ဌာနအလိုက် သဘာ၀ဘေးဆိုင်ရာကိစ္စရပ်များတွင် သုံးစွဲရန်လိုအပ် သောရန်ပုံငွေများတင်ပြထားပြီး ကြိုတင်အဆင်သင့်ဖြစ်စေရေး တိုက်တွန်းနှိုးဆော်ချက် ရှိပါကြောင်း၊  ရုတ်တရက်အရေးပေါ် ကျရောက်လာသည့် သဘာ၀ဘေး များအတွက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲရသည့်  အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေရှိပါကြောင်း၊ အဆိုပါရန်ပုံငွေသည် အဓိကအားဖြင့်  အရေးပေါ်အ‌ခြေအနေများနှင့် မဖြစ်မနေကြိုတင်ပြင်ဆင်မှု လုပ်ငန်းများတွင်သုံးစွဲခြင်းဖြစ်ပါကြောင်း၊ ကြီးမားသည့် သဘာ၀ဘေးနှင့် ပတ်သက်၍ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေကို  အသုံးပြုနိုင် ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက သဘာဝဘေးဖြစ်ပွားပြီးနောက် ဘေးသင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events