Source: MSWRR
၁၀-၆-၂၀၁၇၊ ဟိုပုံး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေး အပြီးထုတ်ပြန်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁) တွင် သဘောတူလက်မှတ်ရေးထိုးပြီးသော လူမှုရေးကဏ္ဍမူဝါဒသဘောတူညီချက်များကို အကောင်အထည်ဖေါ်ဆောင် ရွက်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ လာရောက်ခြင်း ဖြစ်ပါကြောင်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အစည်း အဝေးခန်းမ၌ ယနေ့ကျင်းပသော ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနား တွင်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အစိုးရ သစ်အနေဖြင့် ပြည်သူအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများကိုချမှတ်ပြီး အကောင် အထည်ဖေါ်ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် မလုံလောက်သောကြောင့် အခြား ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယခုအခါ လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့ကျင့်သင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလန်းများ ဖန်တီးပေးလျက်ရှိပါကြောင်း၊ ယနေ့တက်ရောက်လာကြသော ပြည်သူများအနေဖြင့် မိမိတို့ဒေသေ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများရှိပါကလည်းတင်ပြဆွေးနွေးနိုင်ပြီး မိမိတို့အနေဖြင့် ပူးပေါင်းကူညီဖြေရှင်းပေးရန် အသင့်ရှိပါကြောင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူဦးခွန်စံလွင်နှင့်ပြည်သူများက ဒေသ၏ လိုအပ်ချက်များဖြစ်သောအသက် မွေးဝမ်းကျောင်းသင်တန်း တန်းကျောင်းများ ဖွင့်လှစ်ရေး၊ လက်ရှိပညာရေးနှင့်သက်ဆိုင်သည့် လိုအပ်မှုများ၊ ရေရှားပါးမှုနှင့် ရေလှောင်ကန်များတည်ဆောက်လိုမှု၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများ၏ ရုံးအဆောက်အဦများလိုအပ်မှု အခြေအနေများ၊ လူနာ တင်ယာဉ်နှင့် ရေသယ်ယာဉ်များလိုအပ်မှုများကို အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဖြေရှင်းပေးကြပြီး ဟိုပုံးဆီဆိုင်နှင့်ပင်လောင်း မြို့နယ်ရှိစာသင်ကျောင်းများတွင် လတ်တလောလိုအပ်ချက်ဖြစ်ပေါ်နေ သည့် စာသင်ခုံ (၅၇၅) စုံအတွက် ထောက်ပံ့ငွေကျပ် (၁၁၅၅၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့တွေ့ဆုံပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ဥက္ကဌဖြစ်သူဦးထွန်းကျော်နှင့်တာဝန်ရှိသူများကလည်း ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှုအခြေအနေ၊ကျောင်းနေအရွယ်ကလေးငယ်များနှင့် တိုက်ပွဲရှောင်ပြည်သူများ၏ လတ်တလော လိုအပ်ချက်များနှင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လူသားအရင်းအမြစ်ပရဟိတဂေဟာမှ ကျောင်းသား၊ ကျောင်းသူများ အတွက် ထောက်ပံ့ငွေနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လတ်တလော ရိက္ခာဖိုးငွေ စုစုပေါင်းကျပ် (၇၇) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။