ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများတွင် လိုအပ်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ကူညီဖြည့်ဆည်းပေးရန် ဒေသခံပြည်သူများနှင့်တွေ့ဆုံမှု သတင်း

၉-၆-၂၀၁၇၊ ပင်းတယ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ဒေသခံ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့သို့ရောက်ရှိကြပါသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် အစိုးရ သစ်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ၏ လိုအပ်ချက် ကိုသိမြင်စေဖို့ ပြည်သူနှင့်နီးစပ်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ လူတိုင်း တန်းတူအခွင့်အရေးရရှိပြီး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်သော ကိုယ်ဝန်ဆောင်မှသည် သက်ကြီးရွယ်အိုအထိ အာမခံ ချက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေပါကြောင်း၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးကြပါရန် ပြောကြားခဲ့ပါသည်။ တက်ရောက်လာကြသူများကလည်းဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများ၊နွေရာသီရေရှားပါးမှုအခြေအနေ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်များ၏အခန်းကဏ္ဍ၊ ဒေသလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြည့်ဆည်းပေးခဲ့ ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓနုမြေဘိုးဘွားရိပ်သာသို့သွား ရောက်ကြည့်ရှုလေ့လာပြီး ဘိုးဘွားများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ အလှူငွေများကို လည်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ဒေသခံမသန်စွမ်း (၃) ဦးက လျှောက်ထား သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် အလုပ်ခန့်အပ်လွှာများကို ပေးအပ်ခြင်း၊ ရွှေဥမင်လိုဏ်ဂူဘုရားအား ဖူးမျှော်ကြည်ညှိကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: MSWRR

Sign Up

Upcoming Events