မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားမှုသတင်း

05 Pic 01
၄-၆-၂၀၁၇၊ ပြင်ဦးလွင်

ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး   ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်နိုင်မည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏  မိတ်ဖက်အဖွဲ့အစည်တစ်ခုဖြစ်သော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏  ပြည်နယ်နှင့် တိုင်းအဆင့်ဆင့်ရှိ လုပ်ငန်းကော်မတီဝင်များ ညီလာခံကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် (၄-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပါသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်သူ့အတွက် အမှန်တကယ်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒအသစ်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ဆောင်ရွက်ချက်များသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များနှင့်ကိုက်ညီပြီး ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခကြေးငွေမရသော ပရဟိတသမားများအနေဖြင့် မိမိတို့၏အချိန်၊ လုပ်အားများကို အများပြည်သူအတွက် အသုံးပြုကြရသူများဖြစ်ပါကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရသော နိုင်ငံတစ်ခုဖြစ်ပြီး ခံနိုင်ရည်စံနှုန်းမြှင့်တင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူအကျိုးကိုအလျင်အမြန်နှင့် ထိရောက်မှုရှိအောင် ဆောင်ရွက်ရာတွင် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိပြီး လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ် လုံခြုံစွာ   ဖွံ့ဖြိုးတိုးတက်လာစေရန်၊   ဘေးဒဏ်ခံစားရသော     ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေးနှင့် ပြည်သူလူထု၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့ အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ ပြည့်မီစေရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း နိုင်ငံအားလုံးကခံစားနေရပြီး မိမိတို့နိုင်ငံ အနေဖြင့် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိအောင် အသီးသီးကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြရပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူ့အတွက် ရေရှည်တည်တံ့သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကြိုတင်အသိပေးမှု၊ ပြည်သူများ၏ ကြိုတင်သတိထားရှိမှုများကြောင့် ပြီးခဲ့သည့် မာရသာ၊  မိုရာ ဆိုင်ကလုန်းမုန်တိုင်းများ၏ ဖြစ်စဉ်တွင် အသက်အန္တရာယ်ထိခိုက်မှု မရှိသလောက်နည်းပါးခဲ့သည်ကို သတိပြုမိကြမည်ဟု ယုံကြည်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်မီးရရှိမှုအခက်အခဲများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်ပေါ်စေလျက်ရှိပြီး တိုးတက်ကောင်းမွန်လာ စေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူအကျိုးကိုရှေ့ရှုဆောင်ရွက်ရာတွင် ပြည်သူနှင့်နီးကပ်လျက်ရှိသော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်တင်ခြင်း၊ ရှေ့ဆက်ပြီးပူးပေါင်းဆောင်ရွက်မည့် နည်းလမ်း/နယ်ပယ်များဖေါ်ထုတ်ပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် အားလုံးပါဝင်ဆောင်ရွက်သော သဘာဝ ဘေးစီမံခန့်ခွဲမှုတစ်ရပ်ဖြစ်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ သြဝါဒစရိယ ဆရာတော်များ၊ နာယကများ၊ ဌာနဆိုင်ရာများမှ အရာထမ်းအမှုထမ်းများ၊ ဝေဠုကျော်ဖောင်ဒေးရှင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သြဝါဒ ဆရာတော် အရှင် ဗုဒ်ဓပီရ က ပရဟိတစိတ်ဓါတ်ရှိသူများပြားလာပါက တိုင်းပြည်ပိုမိုအေးချမ်းမည်ဖြစ်မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးအတွက် ပရဟိတနိုင်ငံဖြစ်အောင်တည်ဆောက်ရန်လိုအပ်ပါသည်ဟု လည်းကောင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်၏ နာယက ရဲမှူးချုပ် ဝင်းခေါင်(ငြိမ်း) ကလည်း ပြောင်းလဲချိန်တန်ပြီ်ဆိုသည့်စကားနှင့်အညီ ကိုယ်စီကိုယ်စီတာဝန်ကျေပွန်ခြင်း၊ နှလုံးသားမှ     အမှန်ပြောင်းလဲခြင်းဖြင့်သာ မိမိဒေသ၊           မိမိနိုင်ငံကောင်းကျိုးကို ဆောင်ရွက်နိုင်မည်ဟု လည်းကောင်း၊ ဗဟိုဥက္ကဌ ဦးလှထွန်းကလည်း အဖွဲ့ချုပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရံအင်အားအဖြစ် မှတ်ယူကာ တာဝန်ပေးအပ်နိုင်ပါကြောင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဦးဝေဠုကျော်ကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလောစားဝတ်နေရေးအပြင် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် အချိန်ရောက်နေပြီး၊ လူမှုရေးအဖွဲ့အစည်းများ ရေရှည်ရပ်တည်နိုင်ရန် အလှူငွေတစ်ခုတည်းကိုသာ အားမကိုးဘဲ မိမိအဖွဲ့အစည်းအလိုက် ရံပုံငွေရရှိနိုင်မည့် လုပ်ငန်းများကို ပူးတွဲဆောင်ရွက်သင့်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသည့် သစ်တောပြုန်းတီးမှုလျော့ကျစေရန် သစ်အစားထိုး ၀ါးအသုံးပြုခြင်း လုပ်ငန်းများ ပိုမိုကျယ်ပြန့်အောင်မြင်စေရေးကို အလေးထားဆောင်ရွက်သင့်ပါကြောင်းဖြင့် အသီးသီးပြောကြားခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများအရ သန်စွမ်းသောသက်ကြီးရွယ်အိုအချင်းချင်း ကူညီပူးပေါင်းဆောင်ရွက်သော ဝင်ငွေရလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်မြို့နယ်၊ နောင်လိုင်စံပြကျေးရွာရှိ ရွှေလဝန်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့၏ရိပ်သာသို့ရောက်ရှိပြီး အသင်းဝင် သက်ကြီးရွယ်အိုများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ကျေးရွာ (၁၁) ရွာရှိ အဖွဲ့ခွဲများသို့ အလှူငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသင်းဝင် သက်ကြီးရွယ်အိုများ၏ တစ်ပိုင်တစ်နိုင်စိုက်ခင်းများကိုလည်း သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

Sign Up

Upcoming Events