
(၁-၆-၂၀၁၇) ၊ နေပြည်တော်
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူစာချုပ် (CEDAW) ၏ အခြေခံ သဘောတရားများနှင့် ၁၉၉၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် ဘေဂျင်းလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) ကို ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ မဟာဗျူဟာ စီမံကိန်းရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖေါ်ဆောင်နိုင်မှု အားနည်းခဲ့ရပါသည်။ ယခုအခါတွင် အဆိုပါ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြံပေးအဖြစ် တာဝန်ပေးအပ်ထားသူ Ms.Deborah Livingstone သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမတွင် ယနေ့ (၁၄းဝ၀) နာရီအချိန်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် Ms.Deborah Livingstone က အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး စသည့်လုပ်ငန်းများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ပြန့်ကျဲလုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ အကြံပေးအဖွဲ့အနေဖြင့် အဖွဲ့အစည်းအမျိုးမျိုးမှ သီးခြားစီလုပ်ကိုင်နေသော လုပ်ငန်းများကို စုစည်းလေ့လာထားပြီး ဖြစ်ပါကြောင်း၊ Action Plan အမျိုးမျိုးဖြင့် ဆောင်ရွက်နေမည့်အစား (NSPAW) မဟာဗျူဟာ စီမံကိန်းအောက်တွင် စုစည်းလုပ်ကိုင်နိုင်ပါကြောင်း၊ ယင်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ၏ အစည်းအဝေးတွင် နည်းပညာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေး၊ လုပ်ငန်းတာဝန်များ သတ်မှတ်ရေးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုရရှိရေးကို ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကဏ္ဍမှ ဆောင်ရွက်ပေးရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။