– ၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် မုန်တိုင်းသတိပေးချက်အမှတ်စဉ် (၀၅)၊ ၂၀၁ရအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ’’ Moraသည် မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်ဘက်မိုင် (၁၉၅) ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင် (၁၈၀) ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက်မိုင် (၁၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင် (၂၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းနှင့် နောက် (၁၂) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရပါသည်။
– မိုးလေဝသပညာရှင်များ ခန့်မှန်းချက်အရ မုန်တိုင်းသည် ပိုမိုအားကောင်းသောဆိုင်ကလုန်း မုန်တိုင်း MORA အဖြစ်သို့ရောက်ရှိလာပြီးနောက် (၂၉-၅-၂၀၁၇) နေ့လည်ပိုင်းမှစ၍ ရခိုင်ကမ်းရိုးတန်း အနီးသို့ချည်းကပ်လာနိုင်ပြီး လေဒဏ်မိုးဒဏ်များ အဖျားခတ်လာနိုင်ပါသည်။
– မုန်တိုင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထုတ်ပြန်ထားပါကြောင်းနှင့် အမျိုးသားသဘာ ဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ မုန်တိုင်းဘေးကြိုတင်အသင့်ဖြစ်စေရေး ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအနေဖြင့် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်-
(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။
(ဃ) ကမ်းခြေများတွင် ရောက်ရှိအပန်းဖြေနေသူများသတိပြုနေထိုင်ပါ။
( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။
( စ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။
(ဆ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။
( ဇ) မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း ကုန်းတွင်းပိုင်းဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ ြမေပြိုခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြု နေထိုင်ပါ။
(စျ) မြစ်ကမ်းနှင့် ချောင်းကမ်းအနီးရှိ သောင်ပြင်များတွင် ရာသီပင်များစိုက်ပျိုးနေထိုင်သူများ သည်လည်း ရေလွှတ်ရာနေရာများသို့ ခေတ္တရွှေ့ြပောင်းနေထိုင်ပါ။
– ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများ ဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံ နိုင်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မုန်တိုင်း အန္တရာယ်နှင့်ပတ်သက်၍ လိုအပ်သည့်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းဆက်များကို အချိန်နှင့် တပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူသို့ အသိပေးဖော်ပြအပ်ပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ