ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း“မိုရာ”( Cyclonic Storm “Mora”) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် (၁၆၀) ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် (၁၅၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင် (၂၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် (၁၂) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” (Severe Cyclonic Storm “Mora”) အဖြစ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၇.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၄) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် (၅၅) မိုင်မှ မိုင် (၆၀) နှုန်းအထိ ဖြစ်ပါသည်။
နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ဒေသကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းခြေကို ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀) ခန့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် နောက် (၇၂) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
၂။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောမျာအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အကြံပြုအပ် ပါသည်။