မုန်တိုင်းငယ်သတိပေးချက်နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

၂၀၁၇ ခုနှစ်၊ မေလ(၂၈) ရက်နေ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ် (၀၂)၊

၂၀၁၇ အရဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည်ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင် (၂၃၀) ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀) ခန့်၊ကျောက်ဖြူမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၃၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၄၈၀) ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟုခန့်မှန်းရပါကြောင်း၊ အဆိုပါမုန်တိုင်းငယ်သည်နောက်(၂၄)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ကြောင်း သိရှိရပါသည်။

မိုးလေဝသပညာရှင်များကလည်း မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း MORA အဖြစ်သို့ရောက်ရှိလာပြီးနောက် (၃၀-၅-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဘက်ကမ်းခြေကို ကော့စ်ဘဇား (Cox/s Bazar) မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားကြောင်း၊ ကမ်းခြေကိုဖြတ်စဉ်ဗဟိုချက်အနီး အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျင်မိုင်(၆၀)နှုန်းခန့်ရှိနိုင်ကြောင်း၊ မုန်တိုင်းဒီရေ ၁ ပေ၊ ၂ ပေခန့်သာ တက်နိုင်ကြောင်း သိရှိရပါသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ရခိုင်ကမ်းရိုးတန်းအနီးမှရွေ့လျားမည့်အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်ပြည်သူများအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုအပ်ပါသည်-

(က)     အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဉ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

( ခ)      မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။

( ဂ)      မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။

(ဃ)     ကမ်းခြေများတွင် ရောက်ရှိအပန်းဖြေနေသူများသတိပြုနေထိုင်ပါ။

( င)      မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့်ဖြစ်ပေါ်တတ်သည့်လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်းအထူးသတိထားပါ။

( စ)      တောင်ကျချောင်းများတွင်ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။

(ဆ)     မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။

( ဇ)      ကုန်းတွင်းပိုင်းဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ပါ။

–           ပြည်သူများအနေဖြင့်မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာနတွင် (၂၄) နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇) တို့သို့အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ လိုအပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့် ပတ်သက်၍ သတင်းဆက်များကို အချိန်နှင့် တပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူသို့ အသိပေးဖော်ပြအပ်ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

 

 

Sign Up

Upcoming Events