မုန်တိုင်းငယ်အခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင်(၂၅၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၅၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့မြောက် ဘက်မိုင်(၅၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးမှ ရွေ့လျားမည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၄.၃) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈) ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀) မှ (၄၅)မိုင်နှုန်း ဖြစ်ပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှနောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
၂။ အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါ ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။