သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်ပတ်သက်၍ ၂၀၁ရခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာညီလာခံကိုသဘာဝဘေးလျော့ချရေးဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက် (၂၀၃၀)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပါရီသဘောတူညီချက်တို့ကိုအခြေခံ၍ ကမ္ဘာ့နိုင်ငံအသီးသီးကဆောင်ရွက်လျက်ရှိ သော သဘာဝဘေးလျော့ချမှု ဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများကို ဆန်းစစ်ခြင်း၊ အသိပညာနှင့်အတွေ့အကြုံဗဟုသုတများကိုဖလှယ်ခြင်းနှင့်ဆက်စပ် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်းမြို့တွင် မေလ (၂၂) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။
အဆိုပါကမ္ဘာ့ညီလာခံဖွင့်ပွဲအခမ်းအနားကို မေလ (၂၄) ရက်နေ့က ကန်ကွန်းမြို့၊ Moon Palace Resorts တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်း အနားသို့ မက္ကဆီကိုနိုင်ငံသမ္မတ၊ ကုလသမဂ္ဂဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံပေါင်း (၁၈၂) နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ ဝန်ကြီးများ၊ သဘာဝ ဘေးလျှော့ချရေးဆိုင်ရာလက်တွေ့ဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ပါသည်။
ညီလာခံအတွင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူထုအခြေပြုဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ မြှင့်တင် ရေးဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွင် သဘာပတိအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ လက်တွေ့အကောင်အထည်ဖော် မှုနှင့်ပတ်သက်၍ အောင်မြင်မှုများ၊ ရင်ဆိုင်ကြုံတွေ့ နေရသောအခက်အခဲများ၊ လိုအပ်ချက်များနှင့် နိုင်ငံတကာ နှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုညီလာခံသို့ ဖတ်ကြား တင်သွင်းခဲ့ပါသည်။ ၄င်းအပြင် မေလ (၂၅) ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများမှ ဝန်ကြီးများအဆင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ သဘာဝဘေးလျော့ချရေး ဆိုင်ရာ မြန်မာနိုင်ငံ၏ မူဝါဒသဘောထားများ၊ ပြောင်းလဲကျင့်သုံးလျက် ရှိသော စီမံခန့်ခွဲမှုနည်းလမ်းများ၊ သဘာဝဘေးတုံ့ပြန်နိုင်မှု အသင့်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များ၊ သဘာဝဘေးတုံ့ပြန်မှုဆိုင်ရာ ရန်ပုံငွေတိုးမြှင့် ချထားဆောင်ရွက်မှု အခြေအနေများ၊ သဘာဝဘေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာထိခိုက်မှုများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့၏ ကူညီ ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MSWRR