၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ရေကြီးရေလျှံမှုများကြောင့် ဘေးသင့် ပြည်သူများအတွက် အမျိုးသားလွှတ်တော်မှ ဒုတိယအကြိမ် အလှူငွေများ လှူဒါန်းပွဲကို သြဂုတ်လ (၁၃) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြု လုပ်ရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းထွန်းမှ ငွေကျပ် သိန်း (၅၀) အပါအဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ အလှူငွေကျပ် (၈၀.၄) သိန်းနှင့် အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒေါက်တာ ခင်ရွှေမှ သိန်း (၁၀၀) ခန့် တန်ဖိုးရှိသော အဝတ်အထည်များကိုပေးအပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားပါသည်။ ဒါ့အပြင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၇၂) မှ ငွေကျပ် (၁၀) သိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ငွေကျပ် သိန်း (၁၀၀) ထိုင်းနိုင်ငံမှ Mr.Thawatchai Sopphasti enphong, Director General of Trade Negotiations, ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ငွေကျပ် (၈၄၄၅၀) ကျပ်၊ အမေရိကန် ဒေါ်လာ (၂၁၀)၊ ထိုင်းဘတ် (၁၃၉၀၀) တို့ကို ဆက်လက်လှူဒါန်းပါသည်။ ၄င်းအပြင် “ဝ”အထူးဒေသ (၂) မှ ငွေကျပ် သိန်း (၆၀၀)၊ “မိုင်းလား” အထူးဒေသ (၄) မှ ငွေကျပ် သိန်း (၆၀၀) နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ငွေကျပ် (၂) သိန်း တို့အား ဆက်လက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။