အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးညဏ်ထွန်း တက်ရောက် အမှာစကားပြောကြားမှုသတင်း

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ခုနှစ်၊ သြဂုတ်လ (၁၂) ရက်၊ မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ကော်မ တီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒုတိယ သမ္မတက အမှာ စကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ငန်းစဉ် (၃) ရပ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရပါကြောင်း၊ လုပ်ငန်းစဉ်(၁)မှာ ဘေးမဖြစ်မီ ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ် (၂) မှာ ဘေးဖြစ်ပွားနေစဉ် တုံ့ပြန်ဆောင်ရွက်ခြင်း ဆိုသည့်နေရာတွင် ဘေးလွတ်ရာရွေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ အရေးပေါ်ကယ် ဆယ် ထောက်ပံ့ခြင်းဆိုသည့်လုပ်ငန်းများကို လက်ရှိဆောင်ရွက်လျက်ရှိပါကြောင်း။ လုပ်ငန်းစဉ် (၃) ဖြစ်သည့် မူလအခြေအနေကို ပြန်လည်ရောက်ရှိစေရန်အတွက် ထူထောင်ပေးခြင်းဆိုသည့် ကဏ္ဍတွင် ပြန်လည်တည်ဆောက်ခြင်း ၊ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများ၊ ဆောင်ရွက်ပေးနိုင်ရန် အသင့်ပြင်ဆင်ထားရှိပြီးဖြစ်ပါကြောင်း။ သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ပြီး နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးစီမံကိန်းကို ၂၀၀၉ ခုနှစ်က လုပ်ဆောင်ခဲ့ရာတွင် အရေးကြီးသည့်နယ်ပယ် (၈) ခုရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၎င်းတို့မှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ (Livelihoods)၊ နေထိုင်ခိုလှုံစရာအဆောက်အအုံ (Shelter and Settlements)၊ ပညာရေး (Education)၊ ကျန်းမာရေး (Health)၊ သောက်သုံးရန်ရေ၊ အညစ်အကြေးနှင့် သန့်ရှင်းရေး (Water, Sanitation and Hygiene), (WASH)၊ သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပွားရသည့်ဘေးအန္တရာယ်လျှော့ချရေး (Disaster Risk Reduction (DRR))၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Enviroment) နှင့် ထိခိုက်လွယ်သောအုပ်စုများ စောင့်ရှောက်ရေး (Protection and Vulnerable Groups) တို့ဖြစ်ပါကြောင်း။

နာဂစ်အလွန် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုမှ သင်ခန်းစာများအနေဖြင့် အရေးပေါ် တုန့်ပြန်မှုကို ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်နိုင်ခဲ့ပါကြောင်း၊ သောက်သုံးရေသန့်၊ အစား အသောက်၊ ပတ်ဝန်းကျင်ရှင်းလင်းရေးလုပ်ငန်း၊ နေထိုင်စရာအဆောက်အဦ၊ ငွေကြေးအကူအညီ စ သည်ဖြင့် ရပ်ရွာအခြေပြု ထူထောင်မှုလုပ်ငန်းများ အလျင်အမြန် ပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ထို့ပြင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့ခြင်း၊ အခြေခံအဆောက် အအုံများကို အချိန်ယူတည်ဆောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ စွမ်းရည်မြှင့်တင်ရေးအား စဉ်ဆက် မပြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေအန္တရာယ်ကြောင့် ထိခိုက်မှုလျှော့ချရေး အစီ အစဉ်ကောင်းများသည်အရေးကြီးသဖြင့် အဆင်သင့်ဖြစ်နေမှုအပိုင်းတွင် အားနည်းခဲ့သည်ကို တွေ့ ရပါကြောင်း။

ပြည်သူကိုအခြေပြုပြီး ပြန်လည်ထူထောင်ရေးမူများကိုကြည့်လျှင် မူ (၁) တွင် ကဏ္ဍစုံ ပြန်လည် ကုစားရေးနည်းလမ်းအနေဖြင့် ကဏ္ဍအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို သေချာစေခြင်း၊ (cross-cutting) ပြသနာများနှင့် ထပ်နေသောကိစ္စများကိုဖော်ထုတ်ခြင်း၊ ကုစားရေးဆောင်ရွက်နေသော ကဏ္ဍအားလုံးနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း၊ အရေးပါသော ဦးဆောင်လမ်းညွှန်မှုအနေဖြင့်ပြန် လည် ကုစားရေးလုပ်ငန်းစဉ်များတွင် ကျေးလက်နှင့်မြို့ပြလူထုအားလုံးအပြည့်အဝပါဝင်လာစေ ရေးစဉ်းစားတွေးခေါ်ခြင်းနှင့် စီမံကိန်းချမှတ်ခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းတို့ဖြစ်ကြောင်း၊ မူ (၂) တွင်လူထုအသံ၊ လူထုဆန္ဒကို အလေးထား ၍ နိုင်ငံတကာမှ အကောင်းဆုံးကျင့်ထုံးဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတွင်ဒေသတွင်း အမှန် ကတယ်လိုအပ်ချက်ကို ဖော်ထုတ်၍ ကိုက်ညီသော အထောက်အပံ့ကို စနစ်တကျစီစဉ်ခြင်း၊ ပထဝီအနေအထားကွာခြားချက်၊ လူမှုစီးပွားအခြေအနေကွာခြားချက်များရှိသော ဒေသပေါင်းစုံ လိုအပ်ချက်များနှင့် ဒေသတွင်း ဖြည့်ဆည်းနိုင်မှုနည်းလမ်းများကို ဖော်ထုတ်ခြင်းတို့ကို‌တွေ့ရမည် ဖြစ်ပါကြောင်း။

အ‌ခြေခံမူများအနေဖြင့်အစိုးရ၊ အလှူရှင်များနှင့်အကူအညီပေးရေးအဖွဲ့များသည် ဘေးသင့်မိသား စုများနှင့် ရပ်ရွာဒေသတို့ ကိုယ်တိုင်ရွေးချယ်သည့် ပြန်လည်ထူထောင်ရေးအမျိုးအစားအား အသိ အမှတ်ပြုပေးရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးသည် မျှတမှုနှင့် သာတူညီမျှမှုရှိရေး၊ အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုအား ကောင်းစေ ရေး၊ ပြည်ထောင်စုအစိုးရကအားပေးရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများကိုပြည်လည်ထူ ထောင်ရေးလုပ်ငန်းစီမံခန့်ခွဲခြင်း အားကောင်းစေရန်အတွက် ပြည်ထောင်စုအစိုးရအနေဖြင့် လိုအပ် သည့်အရင်းအမြစ်များထောက်ပံ့ပေးရေး၊ ကောင်းမွန်သော ပြည်လည်ထူထောင်ရေး အစီအမံနှင့် ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုရရှိစေရေးအတွက် သတင်းအချက်အလက် စုံစွာရရှိရေး ဆောင်ရွက်ရန် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့များ၏ အခန်းကဏ္ဍကျယ်ပြန့်လာမှုနှင့် အတူပြန်လည်ထူထောင်မှုအရည်အသွေးအတွက် တာဝန်သိမှု ပိုရှိ လာရေး၊ ပြန်လည်ထူထောင်မှုလုပ်ငန်းများ စတင်ချိန်၌ပင်ပြည်ထောင်စုအစိုးရနှင့် အကူအညီပေး ရေးအဖွဲ့များသည် ဒေသနှင့်လျော်ညီသည့် တီထွင်ဖန်တီးလုပ်ဆောင်မှုများ အောင်မြင်ရှင်သန် ဖွံ့ဖြိုးရေးအတွက် အခြေအနေကောင်းများဖန်တီးပေးရေး၊ အကူအညီပေးရေး မိတ်ဖက် အဖွဲ့အစည်းများအကြားမလိုလားအပ်သည့် ဘက်ပြိုင်မှုနှင့်ကောင်းကျိုးမပေးသည့် ယှဉ်ပြိုင်ခြင်း တို့မရှိစေရေးနှင့် ကောင်းမွန်သည့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများသည် သဘာဝဘေး အန္တရာယ်ကို လျော့နည်းစေပြီးကြံ့ကြံ့ခိုင်နိုင်သည့် ပိုမိုဘေးကင်းလုံခြုံသောရပ်ရွာဒေသအဖြစ် ဖန်တီးတည်ထောင်ပေးနိုင်ရေးတို့ပင်ဖြစ်ပါကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းရေးတွင် လုပ်ဆောင်ရမည့် အဆင့် (၃) ဆင့်နှင့် လက်တွဲ ဆောင်ရွက်ရမည့်သူများမှာ အဆင့် (၁) တွင် အိမ်ထောင်စုများ (သို့မဟုတ်) ကျေးရွာ အဆင့်ဖြစ်ပြီး အဆင့် (၂) တွင် မြို့အဆင့်နှင့် အဆင့် (၃) တွင်ဗဟိုအဆင့်တို့ဖြစ်ပါကြောင်း။

လိုက်နာရမည့်မူများအနေဖြင့် အကူအညီလည်ပတ်စီးဆင်းမှုများကို အများပြည်သူသို့သိရှိစေရေး အစီ ရင်ခံခြင်းနှင့်လမ်းကြောင်းပေးခြင်းတို့ကို လုပ်ဆောင်နိုင်သော အများပါဝင်သည့် စနစ်တစ်ခု ဖြစ်ရေးကို အစပြုတည်ဆောက်ရန်၊ ဒေသခံများအားလုပ်ဆောင်မှုအဆင့်တိုင်းတွင် ပါဝင်ဆောင် ရွက်ခွင့်ရရှိစေရန်၊ ဒေသန္တရအဆင့်ဦးစီးဦးဆောင်ပြုမှုများ၊ အရင်းအမြစ်များနှင့် စွမ်းဆောင်မှု များကို အရင်းခံအခြေပြုရန်တို့ပင်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆပ်ကော်မတီများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

 

Sign Up

Upcoming Events