ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

18_pic01 18_pic02

၁၇-၅-၂၀၁၇ ၊ နေပြည်တော်

ရခိုင်ပြည်နယ် ပူးတွဲဆန်းစစ်လေ့လာချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၇-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်၊ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့သစ်အနေဖြင့် စတင်တာဝန်ယူကတည်းက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဥပဒေနှင့်အညီ အုပ်ချုပ်သည့် စီမံအုပ်ချုပ်မှုစနစ် ပေါ်ပေါက်ရေးနှင့် လူတိုင်း လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အခြေအနေ၊ အချိန်အခါနှင့် ကိုက်ညီပါကြောင်း၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက် ရေးသည် ငြိမ်းချမ််းရေးနှင့်ဆက်စပ်လျက်ရှိရာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရေး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုလသမဂ္ဂအစီရင်ခံစာများအရ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေတွင် မိမိတို့နိုင်ငံသည် နိုင်ငံ(၁၇၁)နိုင်ငံတွင် အဆင့်(၄၂)တွင်ရှိပြီး လူသားများဖန်တီးသည့် ဘေးများကို ထည့်သွင်း တွက်ချက်ပါက နိုင်ငံ(၁၉၁)နိုင်ငံတွင် အဆင့်(၁၂)တွင် ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရေးသည် အရေးကြီးပါကြောင်း၊  မိမိတို့နိုင်ငံတွင် လူဦးရေ (၆.၄)သန်းသည် ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခု အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ဖို့ လိုကြောင်း၊ သို့သော်လည်း  ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနောက်ကျလျက်ရှိသော ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပိုမိုအလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည်ပဋိပက္ခ ဖြစ်ပွားမှုများရှိပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေပါကြောင်း၊ အစီရင်ခံစာများအရ ၂၀၁ရခုနှစ်၊ ဧပြီလအထိ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ (၁၂၀၀၀၀)ခန့်ရှိပါကြောင်း၊ အစိုးရအဖွဲ့သစ်အနေဖြင့် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း ထားရှိပေးပြီး ကော်မတီအနေဖြင့်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ကျပ်(၃၆၅၆.၈၄၀)သန်းကို သုံးစွဲပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၆) မြို့နယ်တွင် လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်(၄၁၆၄.၃၂၅)သန်း ကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးခြင်း လုပ်ငန်းများတွင် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ရေးဆွဲထားသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်းကိုလည်း တိုက်တွန်းအားပေးပြီး ပံ့ပိုးကူညီ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နှင့် MoU, LoA ရေးထိုးထားသည့် အဖွဲ့(၁၉)ဖွဲ့အနက် (၁၂)ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထား သည့် အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ အဖွဲ့အစည်းများအနေဖြင့် ရည်ရွယ်ချက်ကောင်းကောင်းနှင့် ထိရောက်စွာဆောင်ရွက်ဖို့လိုကြောင်း၊ ပဋိပက္ခ ချုပ်ငြိမ်းရေးဆောင်ရွက် ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်နက်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ Camp များတွင် ယာယီနေထိုင်စဉ် ကာလအတွင်း အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ Smart အထည်ချုပ် စက်ရုံနှင့် ရွှေကျားယက္ကန်းအလုပ်ရုံတို့ကို အစိုးရနှင့်ရခိုင်ပြည်သူ ပူးပေါင်းပြီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းသည်  ဒေသခံများ အလုပ်အကိုင်ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်း ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား လုပ်ငန်းများကို  Private – Public – Partnership ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများမှ ဖွံ့ဖြိုးမှုကို ဦးတည်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေး၏ အခြခံဖြစ်သော ငြိမ်းချမ်းရေးကိုဦးတည်သည့် ဆန်းစစ်ချက်များ ဖြစ်စေရေး၊ လူမှု သဟဇာတ ဖြစ်မှုကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြရန်လိုအပ်ကြောင်း ပြောကြား ပါသည်။

Sign Up

Upcoming Events