သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁၆-၅-၂၀၁၇) ရက်နေ့ (၀၉:၃၀) အချိန်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမတွင် အခမ်းအနားဖွင့့်လှစ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ပြောကြားခဲ့ပါသည်။ ထို့ပြင်မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်အဆင့်ဆင့်ကို မှတ်တမ်းဗီဒီယိုပြသခဲ့ပြီး တက်ရောက်လာသူများမှ သင်တန်းသားများအတွက် ထုတ်ပေးမည့် သင်ထောက်ကူပစ္စည်းများနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များကို ကြည်ရှုလေ့လာခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၆-၅-၂၀၁၇) ရက်မှ (၁၈-၅-၂၀၁၇) ထိ (၃) ရက်ကြာဖွင့့်လှစ် သွားမည်ဖြစ်ပြီး မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဦးစီး၍ နည်းပြအဖြစ် သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူး (ကဆရ)