ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား လူသားချင်း စာနာကူညီရေးနှင့် ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာဥရောပသမဂ္ဂ မဟာမင်းကြီး H.E. Mr. Christos Stylianides ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

၁၂.၅.၂၀၁၇ ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား EU Commissioner for Humanitarian Aid and Crisis Management ဖြစ်သူ H.E. Mr. Christos Stylianides ဦးဆောင်သောအဖွဲ့က ယနေ့နံနက် (၀၈း၃၀)နာရီတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးဒဏ်စီမံခန့်ခွဲမှုများအတွက် ရန်ပုံငွေများထောက်ပံ့ ပေးရန်ကိစ္စများ၊ အစိုးရ၏ဒေသတွင်း ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ဥရောပသမဂ္ဂကအကူ အညီပေးရေးကိစ္စရပ်များ၊ ရပ်ရွာလူထုများအား သဘာဝ ဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားရေး၊ ဘေးဒဏ်လျော့ပါးရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းကိစ္စရပ်များတွင် ကူညီပေးရန် ဆန္ဒရှိသည့် အခြေအနေများ၊  ဘယ်လ်ဂျီ ယံနိုင်ငံ၊ ဘရပ်ဆဲမြို့ရှိဥရောပသမဂ္ဂ၏ အရေးပေါ်တုံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေးဌာနသို့ ဝန်ကြီးဌာနမှ ကျွမ်းကျင်သူများလာရောက်လေ့လာရန် ဖိတ်ခေါ်မည့်ကိစ္စ ရပ်များကိုဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းအစိုးရသစ်တာဝန်ယူပြီးသည့်အချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုကိုဘေးကျရောက်သည့် ပြည်သူများ အား ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့ခြင်းများအတွက် ကျေးဇူူးတင်ရှိပါကြောင်း၊  ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များအပေါ် မြန်မာနိုင်ငံအစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူသားချင်း စာနာမှု အကူအညီများပေးအပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာရွှေ့ပြောင်းသွားသူများအား ပြန်လည်လက်ခံရေး၊ အိမ်ရာဆောက်လုပ် ပေးမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရခိုင်ပြည်နယ်လူမှုစီးပွားဘဝဖွံ့ဖြိုးရေး(၅)နှစ်စီမံကိန်းစတင်အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ရှိကယ်ဆယ်ရေးစခန်း(၃)ခုပိတ်သိမ်းပြီး ပြန်လည်နေရာချထားပေးရေးလုပ်ငန်းဆောင်ရွက်မှုများ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ လူသားချင်းစာနာကူညီမှုနှင့် ဖွံ့ဖြိုးရေးပေါင်းစပ်ဆောင်ရွက်ရန် ပူးတွဲလေ့လာဆန်းစစ်မှုနှင့် ပူးတွဲစီမံချက်ရေးဆွဲရေးအတွက် UNDP နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပါသည်။

ဥရောပသမဂ္ဂဘက်မှလည်း ၄င်းတို့အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနတွင် Crisis Response Management Centre ထူထောင်ရေးအတွက် ထောက်ပံ့ခဲ့မှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဥရောပခရီးစဉ်တွင် ၄င်းတို့နှင့် ဆွေးနွေးခဲ့သည့်  ရခိုင်ပြည်နယ်အတွက် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး ယန္တရားကောင်းမွန် စေရန်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအတွက် UNDP သို့ရန်ပုံငွေ ဆက်လက်ပေးအပ်သွားမည့် ကိစ္စရပ်များ ကိုဆွေးနွေးပြီးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်ချက်များကိုထောက်ခံအားပေးပါကြောင်းနှင့် ဆက်လက်၍  ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source:  MSWRR

Sign Up

Upcoming Events