၉-၅-၂၀၁၇၊ နေပြည်တော်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါ သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ထို့ အပြင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပြီး ဒေသတွင်းကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဖော်ဆောင်လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်းပါ တာဝန် (၅) ရပ်ဖြစ်သည့် ဥပဒေပြဌာန်းခြင်း၊ အမျိုးသားအဆင့်ကော်မတီတစ်ရပ်ဖွဲ့စည်းခြင်း၊ ပြဌာန်းချက်များကို အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ် ခြင်း နှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း ကလေးသူငယ်များ၏ အကျိုးစီးပွားကိုအကောင်းဆုံး ဖော်ဆောင်ပေးနိုင်ရန် လက်ရှိပြဌာန်းထားသည့် ကလေးသူငယ်ဥပဒေ (၁၉၉၃) ကို ခေတ်ကာလနှင့်အညီဖြစ်စေရေး ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲလျက်ရှိရာ မကြာမီပြဌာန်းနိုင်မည် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒကိုလည်း ပြဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက် တွင် လမ်းပေါ်နေ ကလေးသူငယ်များနှင့် တောင်းရမ်းစားသောက်သူကလေးများအတွက် ဆောင်ရွက်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး ရက် (၁၀၀) အလွန် (၆) လ စီမံချက်တွင် အရွယ်မတိုင်မီအလုပ်လုပ်နေရသည့် ကလေးများအတွက် အသက်မွေးဝမ်းကြောင်း ပညာ သင်ကြားပေးခြင်း ကနဦးစီမံချက်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ထိုလေ့လာတွေ့ရှိချက်များအပေါ်မူတည်၍ လမ်းပေါ်နေကလေးများ တောင်း ရမ်းစားသောက်သူများကိစ္စကို ဖြေရှင်းနိုင်ရန် ယခုမကြာမီထွက်ပေါ်လာမည့် ကလေးသူငယ်အခွင့်အရေးဥပဒေက အကျိုးပြုမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ကလေးသူငယ်အခွင့်အရေးများ ပိုမိုဆောင်ရွက်လာနိုင်ခြင်းမှာယခင် ကုလသမဂ္ဂကွန်ဗင်းရှင်း အစီရင်ခံစာများနှင့်ပတ်သက်၍ ပူးပေါင်း အကောင်အထည်ဖော်နိုင်ခဲ့၍ ဖြစ်ကြောင်း၊ ယခု (၂၀၁၇) ခုနှစ် သြဂုတ်လအတွင်း နိုင်ငံအဆင့်တင်သွင်းမည့်ပဉ္စမနှင့် ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ(မူကြမ်း) အပေါ်လည်း အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ သို့မှသာကလေးသူငယ် အခွင့်အရေးများ ကိုပိုမို ထိရောက်စွာ မြှင့်တင်ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်၍ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ UNICEF (Myanmar)မှ Deputy Representative ဖြစ်သူ Mr. Paul Edwards က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ အစီရင်ခံ စာရေးသားရေးအဖွဲ့ဝင်များနှင့် ကလေးသူငယ် အခွင့်အရေးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကတာဝန်ရှိသူများ တက် ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR