၆.၅.၂၀၁၇၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏လုပ်ငန်းများ ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂနှင့်အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် မြို့မိမြို့ဖများ တက်ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စ၍ တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းနှင့်တွဲပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် စပ်လျဉ်း၍ Camp များတွင် နေထိုင်စဉ်ကာလအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပညာရပ်များ တတ်မြောက်စေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အစိုးရအနေဖြင့် ဖြစ်နိုင်သည့်အပို်င်းကစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ Camp များတွင် နေထိုင်သူများ၏ သဘောဆန္ဒအရ ရွှေ့ပြောင်းပေးပါကြောင်း၊ ရင်းနှီးစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ချစ်ကြည်ရေးစျေးများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရက ဆောင်ရွက်မည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ်စီမံကိန်းကိုလည်း မကြာမီ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စတင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးဖွားမှု မှတ်ပုံတင်ခြင်းသည် နိုင်ငံသားဖြစ်မှုနှင့် မသက်ဆိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်စေရေး၊ လူမှုရေးအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် (၈)ရပ်အနက် (၁)ရပ်ဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာမည့် အသက်(၂)နှစ်အောက်ကလေးများကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အား ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် LIFT Fund ၏ အထောက်အပံ့ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့်နာဂဒေသတွင် နို်င်ငံတော်၏ ဘဏ္ဍရန်ပုံငွေဖြင့်လည်းကောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စ၍ တစ်လလျှင် ကျပ် (၁၅၀၀၀) ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါအစီအစဉ်တွင် ငွေကြေး ထောက်ပံ့ခြင်းနှင့်အတူ သားဆက်ခြားနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပညာပေးဆောင်ရွက်မှုများ တွဲဖက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထောက်ပံ့နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လူမှုအဖွဲ့အစည်းများအကြား သတင်းမှန် ရရှိရေး စေ့စပ်ဆွေးနွေးနု်ိင်မည့် အခြေအနေတစ်ရပ်ရရှိရေးကို ဆောင်ရွက်ရန်လိုကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရက အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ရခိုင်ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသတွင်းပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေဟိုတယ်တွင်အရပ်ဘက် ရခိုင်လူမှုအဖွဲ့အစည်းများ နှင့်မြို့မိမြို့ဖများကို တွေ့ဆုံကာ ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပြန်လည် နေရာချထားရေး လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။