၅-၅-၂၀၁၇၊ နေပြည်တော်
နိုင်ငံတော် အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် လူမှု၀န်ထမ်းဌာန၏ သင်တန်းကျောင်း/ ဌာနငယ်မှ ကလေးများအတွက် တစ်နေတာ စားစရိတ်ကို ယခင် တစ်ဦးလျှင် (၄၃၂) ကျပ်မှ ယခု (၁၀၀၀) ကျပ်သို့ တိုးမြှင့်ခဲ့သဖြင့် ထိရောက်စွာ အာဟာရပြည့် ကျွေးမွေးနိုင်ရန် အရေးကြီးကြောင်း၊ ကလေးငယ်များ၏ အသက်အရွယ်နှင့် ကိုယ်အလေးချိန်အလိုက် အာဟာရတန်ဖိုးများကို တွက်ချက်၍ ကျွေးမွေးရန် စီစဉ်ထားကြောင်း၊ ကလေးများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် ဦးဏှောက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဟာရသည် အရေးကြီးကြောင်း၊ ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်ခြင်းသည် အနာဂါတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန်မှာ သင်တန်းကျောင်း/ဌာနငယ်များမှ ၀န်ထမ်းများ၏ ရိုးသား၊ ကြိုးစားမှုဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာသော ၀န်ထမ်းများက ကျောင်း/ ဌာနငယ်များအလိုက် လက်တွေ့ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ ယနေ့အစည်းအဝေးတွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးကျောင်းများ၊ မသန်စွမ်းကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများ၊ လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာများမှ တာ၀န်ခံများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလများအတွင်း အသက်မွေး၀မ်းကျောင်းပညာများ သင်ကြားတတ်မြောက်စေပြီး လူ့အသိုင်းအ၀န်းအတွင်း ပြန်လည်၀င်ဆန့်နိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရေး စီမံချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။